လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)ကျင်းပ

နေပြည်တော်၊ ၁၅ ဇန်နဝါရီ

လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့(၃) ခုအနက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ ၌ ကျင်းပ သည်။

အစည်းအဝေးတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အဖွဲ့ (Working Group on Repatriation, Reintegration and Rehabilitation of Trafficked Victims - R & R Working Group) ၏ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ပြီး လုပ်ငန်းအဖွဲ့ ဝင်ဌာနများ၊ ဆက်စပ်ဌာနများ၊ ပြည်တွင်း/ပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းအဖွဲ့ကို ၂၀၁၈ခုနှစ်၊ မေလတွင် ပြန်လည် ပြင်ဆင်ဖွဲ့ စည်းခဲ့ပါကြောင်း၊ ယနေ့လုပ်ငန်းအဖွဲ့ အစည်းအဝေးပြုလုပ်ရခြင်းမှာ အဖွဲ့ဝင်များအကြား ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဖြစ် ပါ ကြောင်း။

 လုပ်ငန်းများကို(၅)နှစ် စီမံကိန်းများ၊ လုပ်ငန်းစီမံချက်များအရ ဆောင်ရွက်ရာတွင် လုပ်ငန်းအဖွဲ့ဝင်ဌာနများအနေဖြင့် ဘတ်ဂျက်လျာထားချက် ရှိရန်လိုအပ်ပါကြောင်း၊ ထို့ပြင် နှစ်စဉ်ပေးပို့ရသော အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာအတွက် သက်ဆိုင်ရာဌာနများမှ ပြင်ဆင်ရာတွင် မိမိတို့ကဏ္ဍအလိုက် ထည့်သွင်းဖော်ပြရမည့် ခေါင်းစဉ် အလိုက် သက်ဆိုင်သည့် ဌာနများနှင့်ပူးပေါင်း၍ ပြင်ဆင်ကြရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ အမျိုးသမီးနှင့်ကလေးများ၊ ထိခိုက်လွယ်အုပ်စုများအား ကာကွယ် စောင့်ရှောက်ရေးနှင့် ဖြစ်ပေါ်လာနိုင်သည့် လူကုန်ကူးမှုများ စသည်တို့ကို ကာကွယ် တားဆီး တုံ့ပြန်နိုင်ရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အဖွဲ့အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းနိုင်ထွန်းက လုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လျာထားလုပ်ငန်းစဉ်များကို တင်ပြပြီး တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်မှု အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်လုပ်ငန်း အဖွဲ့ဝင်ဌာနများဖြစ်သော ကောင်စစ်ရေးရာဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ အလုပ် သမားညွှန်ကြားရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသား မှတ်ပုံတင် နှင့်နိုင်ငံသားဦးစီးဌာန၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်