ဝါလကင်းလွတ်၍ သီတင်းကျွတ်သည်နှင့် ကထိန်သင်္ကန်း လှူဒါန်းကြသည့် အခါရာသီကျရောက်ပြီဖြစ်သည်။ ကထိန် သင်္ကန်းလှူဒါန်းခြင်းသည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှတန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ အချိန်ကာလ အတွင်းမှာသာ လှူဒါန်းခွင့်ရှိ၍ ကာလဒါနဖြစ်သကဲ့သို့ သံဃာအားသာရည်စူး၍ လှူဒါန်းရခြင်းကြောင့် သံဃိကဒါနလည်းဖြစ်သည်။ သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်ဟူသော ဆိုရိုး စကားနှင့်အညီ ကထိန်သင်္ကန်းလှူဒါန်းခြင်းကို အထွတ်အမြတ် ကုသိုလ်ဒါနတစ်ရပ်အဖြစ် ဗုဒ္ဓဘာသာဝင်တို့က အလေးအနက် ထားလှူဒါန်းကြသည်။

 

ကထိန်သင်္ကန်း ဖြစ်ပေါ်လာပုံမှာ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူစဉ်  ပါဝေယျကတိုင်းသား  ဘဒ္ဒဝဂ္ဂီညီနောင်  ဓုတင်ဆောင် ရဟန်းတော်သုံးကျိပ်တို့သည် ဘုရားရှင်ကို ဖူးမြော်ရန် သာဝတ္ထိ ပြည်သို့လာစဉ်  လမ်းခရီး၌ဝါဆိုခြင်းကြောင့် သာဝတ္ထိပြည်နှင့် ခြောက်ယူဇနာ (၄၈ မိုင်) ခန့်ဝေးသော သာကေတမြို့၌ ဝါဆိုကြရရှာသည်။  ဝါကျွတ်သည့်ကာလရောက်သည့်အခါ  မိုးက ဆက်လက်ရွာသွန်းနေခြင်းကြောင့် မိုးလွတ်သည်အထိ မစောင့်ဆိုင်းတော့ဘဲ မြတ်စွာဘုရားရှင်သီတင်းသုံးရာ သာဝတ္ထိ ပြည်သို့ မိုးထဲရေထဲမှာပင်ရုန်းကန်၍ ပင်ပန်းဆင်းရဲစွာ ကြွတော် မူကြရသည်။ ထိုပါဝေယျကတိုင်းသား ရဟန်းတော် သုံးကျိပ်တို့ မိုးထဲရေထဲ ရွှံ့နွံထဲတွင် စိုရွှဲသောသင်္ကန်းများဖြင့် ပင်ပန်းဆင်းရဲ ကြီးစွာ ကြွလာကြရခြင်းကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က “အနုဇာနာမိ ဘိက္ခဝေ ဝဿံ ဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊ ရဟန်းတို့ ဝါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာခွင့်ပြု၏”ဟူ၍ ကထိန်ခင်းခြင်းကို မြတ်စွာဘုရားက ခွင့်ပြု တော်မူခဲ့ခြင်း ဖြစ်သည်။

 

ကထိန်လှူဒါန်းသည့်အခါ ရဟန်းတော်များသည် ဝိနည်းသိက္ခာပုဒ်ဆိုင်ရာ အကျိုးတရား (၅) ပါးကို သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့အထိ ငါးလ တိုင်တိုင် ရရှိကြသကဲ့သို့ လှူဒါန်းသည့် ဒါယကာ၊ ဒါယိကာမများ မှာလည်း အကျိုးထူးများ ရရှိနိုင်ကြသည်။ ရဟန်းတော်တို့ ရရှိနိုင်သည့် ကထိန်အာနိသင် အကျိုး (၅) ပါး မှာ (၁) မပန်မကြား လိုရာသွား၊ ပြစ်များမသင့်ပြီ၊ (၂) သုံးထည်ထဲမှာ ထားလိုရာ ထားကာသွားနိုင်သည်၊ (၃) လေးပါးတူပင် ဂိုဏ်းဘောဇဉ် စားလျှင်စားနိုင်သည်၊ (၄) သင်္ကန်းများစွာ ငါးလမှာ သိမ်းကာ ထားနိုင်သည်၊ (၅) သံဃာလှူငြား သင်္ကန်းများ သူအားသာဖြစ်သည်။ တစ်နည်းအားဖြင့် မြို့တွင်းရွာတွင်းသို့ သွားလိုသည့်အခါ ထင်ရှားရှိသော ရဟန်းကိုခွင့်မပန်ဘဲ သွားနိုင်ခြင်း၊ တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော်ဖြစ်လျှင် သင်္ကန်းသုံးထည် တွင် (သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်) တစ်ထည်ထည်ကို ထားခဲ့ပြီး သွားလိုရာသွားနိုင်ခြင်း၊ ပင့်ဖိတ်သူ ဒကာ၊ ဒကာမ တို့က အပင့်အဖိတ်မတတ်၍ မအပ်မရာအသုံးအနှုန်းဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့်ရှိခြင်း၊ မိမိရရှိသော သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ထားပိုင်ခွင့်ရှိခြင်းတို့ပင်ဖြစ်သည်။

 

ကထိန်သင်္ကန်းလှူဒါန်းကြသော အလှူရှင်များမှာလည်း (၁) တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လိုရာသွားနိုင်သည်။ မိမိ သွားလိုရာသို့ အတားအဆီး၊ အနှောင့်အယှက်မရှိ လွတ်လွတ် လပ်လပ်သွားနိုင်ခြင်း၊ (၂) တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်။ မည်သည့်တာဝန်ကိစ္စပင်ဖြစ်စေ ပေါ့ပေါ့ပါးပါး အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း၊ (၃) စားလိုရာများ၊ စားသော် ငြား၊ ဘေးကားမဖြစ်ပြီ။ မည်သည့်အစားအစာကို စားစေကာမူ အစားအစာကြောင့် ဘေးမဖြစ်ခြင်း၊ အဆိပ်မသင့်နိုင်ခြင်း၊ (၄) ပစ္စည်းအများ သိမ်းပိုက်ထား ဘေးကားမရှိပြီ။ မိမိပိုင်ဆိုင် သော ပစ္စည်းဥစ္စာများ ပျက်စီးစေနိုင်မည့် ဘေးရန်တို့ မကျရောက် နိုင်ခြင်း၊ (၅) ကိုယ့်ပစ္စည်းများ၊ သူတစ်ပါး၊ ယူသွားကင်းပသည်။ မိမိပိုင်ဆိုင်သော ပစ္စည်းကို မိမိကမပေးဘဲ မည်သူမျှမယူနိုင်၊ မသိမ်းပိုက်နိုင်ခြင်း ဟူသော အကျိုး (၅) ပါးကို ရရှိနိုင်ကြသည်။

 

ကထိန်ခင်းအပ်သော အခါသမယတွင် ရတနာမြတ်သုံးပါးတွင် အပါအဝင်ဖြစ်သည့် သံဃာတော် အရှင်သူမြတ်များအား ကထိနစီဝရံ ကထိန်လျာမြတ်သင်္ကန်းကို ထက်သန်လှစွာသော သဒ္ဓါတရားပြဋ္ဌာန်း၍ လှူဒါန်းဆက်ကပ်ကြကုန်သော ကထိန် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့မှာ ကုသိုလ်အထူးထူး အကျိုး ကျေးဇူး အဖြာဖြာတို့ ရရှိခံစားနိုင်ကြပါမည်ဟု သာဓုအနုမောဒနာ ပြုအပ်ပါကြောင်း။

 

မြန်မာ့အလင်း