နေပြည်တော် ၇ ဒီဇင်ဘာ
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် အကောင်အထည်ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည်ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၁ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၆/၂၀၂၀ အရ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁၃)ချက်ရှိပါကြောင်း၊ ထိုလုပ်ငန်းတာ၀န်များကို အကောင်အထည်ဖော်ရန် အမျိုးသားအဆင့် ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၀င်နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမဆုံး ထောက်ခံခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် လူတစ်ဦးချင်းစီ၏ အခွင့်အရေးကို မြှင့်တင်ပေးရန်နှင့် ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ရန် ကုလသမဂ္ဂ၏ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နောက်ဆက်တွဲ အခြေပြ စာချုပ်(၃)ခုကိုလည်း ဆက်လက်ပါ၀င်သွားမည်ဖြစ်ကြောင်း၊ ညစ်ညမ်းရုပ်ပုံများနှင့် ကလေးများအား ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်းနှင့် ရောင်းချခြင်းအား တားမြစ်သည့် နောက်ဆက်တွဲ အခြေပြစာချုပ်ကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုပါ၀င်ခဲ့ပြီး ထိုစာချုပ် (၂)ခုကို လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက အဓိက တာ၀န်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုထပ်မံ၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အတည်ပြုပါ၀င်ခဲ့ရာ အဆိုပါ အခြေပြစာချုပ်နှင့် စပ်လျဉ်း၍ အမျိုးသားကော်မတီက လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ ဤနောက်ဆက်တွဲ အခြေပြစာချုပ်၏ အဓိက ဦးတည်ချက်သည် လက်နက်ကိုင်ပဋိပက္ခများအတွင်း အသက် (၁၈)နှစ်အောက် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အသုံးပြုခြင်းနှင့် တပ်သားစုဆောင်းခြင်း များမှ ကာကွယ်တားဆီးရေးအတွက် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အခြားအစီအမံများကို ဆောင်ရွက်ရန်ဖြစ်ရာ၊ ကလေးသူငယ်များ အခွင့်အရေးကို တာ၀န်ယူဆောင်ရွက်လျက်ရှိသည့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအပြင် ကာကွယ်ရေး၀န်ကြီးဌာနနှင့်လည်း သက်ဆိုင်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ လိုအပ်သော လုပ်ငန်းကော်မတီများဖွဲ့စည်း၍ အမျိုးသားအဆင့်ကော်မတီက ဆောင်ရွက်ရန် တာ၀န်ရှိသည့် လုပ်ငန်း (၁၃)ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လုပ်ငန်းစီမံချက်များကို ပီပီပြင်ပြင် ရေးဆွဲဖော်ဆောင်ရမည် ဖြစ်ကြောင်း။
ဤနောက်ဆက်တွဲ အခြေပြစာချုပ်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ အာဏာသက်ရောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အာဏာသက်ရောက်ပြီး (၂)နှစ်အတွင်း မြန်မာနိုင်ငံ၏ ဆောင်ရွက်ထားရှိမှုများအား ကုလသမဂ္ဂ၏ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ကော်မတီသို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ်သဖြင့် အချိန် (၉)လသာ ကျန်ရှိပါတော့ကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ယခုမှ စတင်ဆောင်ရွက်ရသည့် လုပ်ငန်းများမဟုတ်ဘဲ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ စသည့် ကော်မတီ (၃)ခု ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင်လည်း ပါ၀င်ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့ဟုဆိုရာတွင် တပ်မတော်သာမက နိုင်ငံအတွင်းရှိ အခြားသော လက်နက်ကိုင်အဖွဲ့ အစည်းများပါဝင်နေသဖြင့် ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အမျိုးသားကော်မတီ၏ ဆောင်ရွက်ချက်များကို မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေး၀န်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေးနှင့် အချိန်မီ အစီရင်ခံစာတင်သွင်းနိုင်ရေး အကြံပြုဆွေးနွေးပေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းတာ၀န်များကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် အဖွဲ့၀င် ဒုတိယ၀န်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများက လိုအပ်သော လုပ်ငန်းကော်မတီများ ဖွဲ့စည်းရေးနှင် လုပ်ငန်းစီမံချက်များရေးဆွဲရေးတို့ကို အသေးစိတ်ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


