လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

လိပ်သို အောက်တိုဘာ

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ရှိလာသဖြင့် အသိပညာပေး လုပ်ငန်းများကို မြို့ပေါ်/ရပ်ကွက်များသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ သိရှိလိုက်နာကြစေရန် မြို့ပေါ်/ ရပ်ကွက်နှင့် မာဒေးကျေးရွာသို့ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်စည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာ၀တ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊ အကယ်၍ မိမိတို့ရောဂါ ပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

           

နွယ်နွယ်ခိုင် (ပြန်/ဆက်)