လေရှူ လမ်းလျှောက် ရေများများသောက် 

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)

လူအများစုနားလည်နေတဲ့ ကျန်းမာဖို့ဆောင်ပုဒ် က “ရေများများသောက်၊ အဆီနဲ့ ဆား၊ သကြားလျှော့စား၊ မေတ္တာများများပွား ကျန်းမာခြင်း အကြောင်းတရား” ဖြစ်ပါတယ်။ လမ်းလျှောက်ဖို့ ကိစ္စဟာလည်း ကျန်းမာရေးကောင်းဖို့အကြောင်းတရားဖြစ်လို့ ဒီဆောင်းပါးကို “လေရှူလမ်းလျှောက် ရေများများသောက်”ဆိုပြီး ခေါင်းစဉ်တပ်လိုက် ပါတယ်။

လူသတ္တဝါအပေါင်းတို့ဟာ ပုံမှန်သွားလာလှုပ်ရှားရင်း အသက်ရှူတယ်ဆိုတာ လေရှူတာပါပဲ။ ရေကိုသောက်ကြရင်းလည်း အလုပ်လုပ်ကြရပါတယ်။ အလုပ်လုပ်နိုင်ကြတယ်။ စကားပြောနိုင်တယ်။ ကြံစည်စိတ်ကူးတွေးတောနိုင်တယ်။ တီထွင်ဖန်တီးနိုင်တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ 

လမ်းလျှောက်တယ်ဆိုတာ ပြေးဖို့မဟုတ်၊ ပုံမှန်ခြေလှမ်းထက် ခပ်သွက်သွက်လုပ်တဲ့ လှုပ်ရှား မှုလုပ်လိုက်တာနဲ့ လေကိုပို၍ရှူလာရပါတယ်။ အဆုတ်ထဲ အောက်ဆီဂျင်ပိုဝင်လာတော့ ခန္ဓာတွင်း သွေးလည်ပတ်တဲ့လမ်းကြောင်းတွေဟာ ပိုသန့်ရှင်းလာပါတယ်။ ချွေးနဲ့ရောပြီး ခန္ဓာကိုယ်က မလိုအပ်တာတွေ ကိုယ်ခန္ဓာအနှံ့အပြားကနေ ထွက်လာပါတယ်။ အဲဒီလိုထွက်လာတဲ့အထဲမှာ ရေလည်းပါဝင်ပါတယ်။ ဒါကြောင့် လမ်းလျှောက်ပြီးရင် ရေသောက်ချင်လာပါတယ်။ ရေချိုးချင်လာပါတယ်။ 

လူထုဟာ တစ်ကိုယ်ရေတစ်ကာယ ကျန်းမာရေးအသိပညာနည်းပါးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ်ကလေးတွေဟာ ငယ်စဉ်ကတည်းက စာတွေနဲ့ပိနေပြီး ကစားဖို့အချိန်မရ၊ စာမေးပွဲရယ်၊ အမှတ်ရယ်၊ ဂုဏ်ထူးရယ်နောက်ကိုပဲ လိုက်နေကြတယ်။ ဂုဏ်ထူးရဖို့ပဲ မိဘရပ်ရွာက အားထုတ်တာများတယ်။ လူငယ်ထုများတဲ့ ကျောင်းနေအရွယ်ကလေးဘဝမှာ ကျန်းမာသန်စွမ်းရေးအသိပညာ မရရှိခဲ့ရှာဘူး။ 

သုတ်သုတ်သွား၊ သုတ်သုတ်စား၊ အမြန်စားအစားအစာ (Quick-food) တွေကြောင့် ကလေးတွေဟာ အဝလွန်နေကြတယ်။ ဗီဒီယိုဂိမ်းနဲ့ တီဗွီရှေ့မှာ တစ်နေရာတည်းထိုင်နေကြတာကြောင့် လှုပ်လှုပ်ရှားရှားမရှိ။ မိဘနဲ့ ဆရာများပင် ပုံမှန်ကိုယ်လက် လှုပ်ရှားအားကစားတစ်ခုခုလိုက်စားဖို့ လိုအပ်တာ တွေ့မြင်ရပါတယ်။ ကျန်းမာရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ ဟောပြောပွဲတွေဆိုတာ ရှားပါတယ်။ အနာဂတ်လူထုကျန်းမာရေးကောင်းဖို့ ဉာဏ်နဲ့ယှဉ် ဆင်ခြင်ကြရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

လူတစ်ဦးတစ်ယောက် ကျန်းမာရေးနဲ့ပတ်သက်လာရင် ကျွန်တော်တို့ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကို အခြေခံပြီးပြောလေ့ရှိကြပါတယ်။ ကံဆိုတာ အလုပ်၊ အတိတ်၊ ပစ္စုပ္ပန်အလုပ်အပေါ်မှာ မူတည်ပြီး ကျန်းမာရေးကောင်းတယ်၊ ညံ့တယ်လို့ သုံးသပ်လေ့ ရှိပါတယ်။ စိတ်ကလည်း အခရာကျပါတယ်။ စိတ် မတည်မငြိမ်၊ အလိုမကျ၊ ဒေါသူပုန်ထ၊ လောဘတွေ တက်နေတဲ့အခါ စိတ်ဖိစီးမှု၊ စိတ်ထောင်းလေတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဥတုရာသီကလည်း အေးလွန်း၊ ပူလွန်း၊ စွတ်စိုလွန်းရင်လည်း ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပြန်တယ်။

အလကားနီးပါးရတဲ့ ရေနဲ့လေ 

တကယ်တမ်း စေ့စေ့တွေးလေ ရေးရေးသာ မြင်ကြမယ့်သူတွေဟာ အလကားရတဲ့ရေနဲ့ လေဟာ တန်ဖိုးကြီးမားကြောင်း မသိမြင်တာ အဆန်းတော့မဟုတ်ပါဘူး။ ဒါကြောင့် အလွန်တရာ တန်ဖိုးကြီးတဲ့ သဘာဝကပေးတဲ့ လေနဲ့ရေ သန့်ရှင်းကြည်လင် မညစ်ညမ်းစေဖို့ လူထုနဲ့အဖွဲ့အစည်းတွေဟာ ရှေးရှု၊ ဂရုစိုက်လာကြတာ တွေ့ရပါတယ်။ မြို့ရွာတွေရဲ့ လေထု၊ ရေထုတွေ မည်ရွေ့မည်မျှ သန့်ရှင်းမှု၊ အဆိပ်အတောက်ဓာတ်ငွေ့တွေ၊ ပိုးသတ်ဆေးတွေ အဆိပ်ဓာတ်ရှိတဲ့ လေးလံသတ္တု (Heavy Metals) တွေကို ဓာတ်ခွဲကာ၊ ပြည်သူတို့အား အသိပေးနေတာ တွေ့ရပါတယ်။ ရေနဲ့ လျှပ်စစ်ခြိုးခြံချွေတာဖို့ဆိုတာ အားလုံးကောင်းဖို့ နှိုးဆော်နေရပါတယ်။ 

ကျွန်တော်ကြုံခဲ့တဲ့ ဂျာမနီနိုင်ငံ တက္ကသိုလ်တစ်ခုက ပါမောက္ခတွေဟာ ဓာတ်လှေကားမစီးဘဲ ရုံးခန်း၊ စာသင်ခန်းနဲ့ ဓာတ်ခွဲခန်းတွေ အရောက်လာကြတယ်။ လျှပ်စစ်ချွေတာရုံတင်မဟုတ်၊ မိမိကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်တာဖြစ်ကြောင်း သိနိုင်ပါတယ်။ ကျန်းမာဖို့အတွက် ဒါတွေမဆင်ခြင်ရင် ကျွန်တော်တို့ မျိုးဆက် သစ်အနာဂတ်ဟာ သာယာဝပြောဖို့ အခက်အခဲတွေ ကြုံလာနိုင်ပါတယ်။ 

စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက်ထောင် က နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ဖြစ်စေချင်တဲ့ ဆန္ဒဟာ −
စာများများဖတ်ရမယ်။ အနုသုခုမတွေမှာ မွေ့လျော်ရမယ်။ သီချင်းဆိုတတ်ရမယ် သို့မဟုတ် တူရိယာတစ်ခုခုကို တီးမှုတ်တတ်ရမယ်။ ထို့ပြင် အားကစားမှာ ထူးချွန်ရမယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ 

၂၀၃၀ ပြည့်နှစ်မှာ စင်ကာပူနိုင်ငံရဲ့ မျှော်မှန်းချက်တစ်ခုက အားကစားနဲ့ အနာဂတ်မှာ အသင့် ဖြစ်ရေး (Future Ready Through Sports) တိုက်တွန်းချက်ဟာ ထူးခြားပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဂိုချောက်ထောင်လက်ထက်မှာ စင်ကာပူဟာ ငွေပုံပေါ်မှာအမြဲထိုင်မနေဘဲ တေးဂီတမှာလည်း မွေ့လျော်တတ်ဖို့ နှိုးဆော်ပြောရာမှာ ကြေး၊ ကြိုး၊ လေလက်ခုပ်၊ တူရိယာတစ်ခုခုကို တီးမှုတ်တတ်ဖို့ တိုက်တွန်းခဲ့ရာ အောင်မြင်ခဲ့ပါတယ်။ အားကစားနဲ့ တေးဂီတလှုပ်ရှားမှုကြီး ဖြစ်ခဲ့ပါတယ်။ 

စာပေ၊ ဂီတ၊ အနုပညာ၊ အားကစားနဲ့ ချစ်ခြင်းမေတ္တာတွေဝေဖြာပြီး ကျန်းမာချမ်းသာဖို့၊ အမုန်းတရားတွေ ကင်းစင်ဖို့၊ အခြားသူတို့ ပျော်ရွှင်ငြိမ်းချမ်းဖို့ဆန္ဒ၊ အကျိုးဖြစ်ထွန်းလိုတဲ့စိတ်၊ ဒုက္ခအပေါင်းက ကင်းဝေးစေလိုတဲ့ စိတ်တွေပေါ်ဖို့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ကျွန်တော်တို့တစ်တွေဟာ နေ့စဉ်နေ့တိုင်း လေကို လီတာတစ်သောင်းနဲ့ နှစ်သောင်းကြားမှာ ရှူရှိုက်ပါတယ်။ လူတို့ဟာ နိစ္စဓူဝကိစ္စတွေ လုပ်ကိုင်ကြရင်း အများအားဖြင့် ဂဏန်းပေါင်းစက်မှာ အာရုံစိုက်နေကြပါတယ်။ လိုအပ်တာထက် လောဘတွေ ကြီးနေပါတယ်။ အများစုဟာ လေဝအောင်ရှူဖို့၊ ရေသောက်ဖို့ မေ့နေတတ်ပါတယ်။ ဒါကြောင့် လေရှူလမ်းလျှောက် ရေများများသောက်ဖို့ ဖြစ်လာပါတယ်။ လမ်းလျှောက်ခြင်းဟာ ကုန်ကျစရိတ် အသက်သာဆုံး၊ ယှဉ်ပြိုင်မှုအနည်းဆုံးဆိုတာ လူတိုင်းသိကြပါတယ်။ 

ရှူရှိုက်လိုက်တဲ့လေထဲမှာ ပါဝင်တဲ့အောက်ဆီဂျင်၊ သောက်သုံးလိုက်တဲ့ရေထဲမှာ စားသုံးထားတဲ့ အာဟာရ (အဆီ၊ ပရိုတင်းနဲ့ ကဇီဓာတ်) တို့ဟာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်ပေါင်းများစွာက ဇီဝဓာတု အပြောင်းအလဲဖြစ်ကာ ကိုယ်လက်အင်္ဂါစုံ ဖွံ့ဖြိုး ကြီးထွားလာတာကို သိပ္ပံပညာသိရင် ပိုသိနားလည် နိုင်ပါတယ်။ ဒီသဘာဝဖြစ်စဉ် ဇီဝဓာတု အနုစိတ် ဖြစ်စဉ်တွေဟာ လေနဲ့ ရေ မည်ရွေ့မည်မျှ၊ မလိုမပို၊ ရှူရှိုက်သောက်သုံးလေ ကျန်းမာရေးကောင်းမွန်နေမှာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းကြောင့် ကိုယ်ခန္ဓာတွင်းက ဇီဝဓာတုပြောင်းလဲခြင်းဖြစ်စဉ် လမ်းကြောင်းတွေအကြောင်း အကျဉ်းမျှသိရုံဖြင့် ကောင်းခြင်းလက္ခဏာတွေ သိနေပါပြီ။ 

အစာအာဟာရ ပိရမစ် (Food Pyramid)

“ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး”ဆိုတာ စားသုံးထားတဲ့ အာဟာရအရာတွေ အစာချေဖျက်တဲ့ ဝမ်းဗိုက်ထဲမှာ မျှမျှတတရှိနေဖို့ လိုအပ်ပါတယ်။ စားသုံးတဲ့အာဟာရကတော့ ကျန်းမာရေးအခြေအနေ ကောင်းနိုင်၊ မကောင်းနိုင်ကိစ္စ အစာအာဟာရ ပိရမစ် (Food Pyramid) က အဖြေထုတ်ပေးပါတယ်။

လူတို့စားသောက်မှု စားသောက်သင့်တဲ့ ပိရမစ် ပုံစံကိုကြည့်ရင် အောက်ခြေမှာ ကဆီဓာတ်၊ ဆန်၊ ဂျုံ၊ ပြောင်း စတဲ့ကောက်ပဲသီးနှံ၊ အသီးအရွက်တွေ စားသုံးတာဟာ ကျန်းမာဖို့ အသက်ရှည်ရာရှည်ကြောင်း ဖြစ်စေပါလိမ့်မယ်။ နာတာရှည်ကင်ဆာ၊ သွေးကြောကျဉ်းနဲ့ ဆီးချိုတို့ကို ကျစေပါတယ်။ ဆေးပညာအဖွဲ့အစည်းကလည်း သက်သတ်လွတ် စားသူတို့ဟာ အသက်ခုနစ်နှစ်လောက် ပိုရှည်တယ်လို့ လက်ခံလာကြပါတယ်။ အဆီဓာတ်၊ သားကြီး အနီရောင်အသား၊ သကြားနဲ့ ဆားကို လျှော့စားကြရမယ်။ သူ့အထက်မှာ အသီးအရွက်၊ တစ်ဆင့်မြှင့်ရင် အသားဓာတ်စားရမယ်။ ဒီအသားဓာတ်တွေ ဝအောင်စားလို့ မဖြစ်ပေဘူး၊ ယုံချင်ယုံ မယုံချင်နေ၊ အသီးအနှံ၊ အသီးအရွက်၊ သစ်ဥသစ်ဖုတွေ စားသူတွေဟာ သေးသွယ်ကျစ်လျစ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ကြပါတယ်။ 

ထိပ်ဆုံးမှာက “အဆီဓာတ်” ဆီကို အနည်းဆုံး စားရမယ်ဆိုတဲ့ကျန်းမာရေးလမ်းညွှန်ကို များစွာ သောလူတို့ လိုက်နာရမှာဖြစ်ပါတယ်။ ဆီကိုလျှော့ စားရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ငါးကြီးဆီ၊ အသီးအရွက်ဆီ၊ နေကြာဆီ၊ ပန်းနှမ်းဆီတို့ရဲ့ ဓာတု သဘောအရ စွမ်းအားရဖို့ အပြောင်းအလဲမှာ အကျိုးဖြစ်ထွန်းစေတဲ့ဘက်က အလေးသာတဲ့သဘော ဆောင်ပါတယ်။ ကျန်းမာရေးအတွက် အသီးအရွက် ဆီတွေဟာ အန္တရာယ်နည်းပါတယ်။ 

ကမ္ဘာ့ငတ်မွတ်ဆင်းရဲမှုကို ကာကွယ်ဖို့ ရှုထောင့်ကကြည့်ရင် ရေမြေသုံးစွဲမှုပမာဏတစ်ခုက အမဲသားပေါင် ၂၅၀ ထုတ်ပေးပါတယ်။ အာလူး ဆိုရင်တော့ ပေါင်လေးသောင်း ထုတ်ပေးပါတယ်။

ဒီအချက်ကို ထောက်ရှုရင် ကျန်းမာရေးအတွက် လည်းကောင်း၊ ငတ်မွတ်မှုကိုလည်းကောင်း ကယ်တင်ရာရောက်တဲ့ အာလူးများများ၊ ဆန်ရေ စပါးတွေ ပိုစိုက်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

လူတို့စားသောက်သင့်တဲ့ ပိရမစ်ပုံစံအရ အဆီ၊ သကြား၊ ဆားနဲ့ အသားဓာတ်များတဲ့ စားသောက် ဖွယ်ရာဟင်းလျာတွေကို ကြိုက်သလောက် စားကြသောက်ကြရင် ဗိုက်ရွဲ တင်ပါးဆုံရွဲသူတွေများဖို့ အကြောင်းရှိတယ်။ နိုင်ငံဟာလည်း ဆေးရုံကြီးတွေ၊ သမားတော်ကြီးတွေ ပို၍ပို၍လိုနေလိမ့်မယ်။ ဆေးရုံကြီးတွေ မများရအောင် လူတွေအများအပြား လမ်းလျှောက်နိုင်တဲ့မြို့ကြီးတွေ တည်ထောင်သင့်ပါတယ်။

“ဝ၍ အေးသူ လူဖြူဖြူ ရောဂါထူမည်မှတ်၊ ပိန်၍ သွက်သူ၊ လှုပ်ရှားသူ ကျန်းမာသူဟုမှတ်။ 

အစားများသူ၊ ထိုင်နေသူ ရောဂါထူမည်မှတ်၊ ရေသောက်နည်းသူ၊ ချွေးနည်းသူ ရောဂါထူမည် မှတ်။ 

လမ်းလျှောက်နည်းသူ၊ ပျင်းရိသူ ရောဂါထူမည် မှတ်”။ 

လမ်းလျှောက်နိုင်တဲ့ မြို့ကြီးတွေတည်ထောင် 

လမ်းလျှောက်လို့ရတဲ့မြို့ကြီးတွေဟာ လူဦးရေ၊ မော်တော်ယာဉ် မများတဲ့မြို့တွေ လူဦးရေ များရင်တောင် လူစည်းကမ်း၊ လမ်းစည်းကမ်း၊ မော်တော်ယာဉ်စည်းကမ်း လိုက်နာတဲ့နိုင်ငံ ဖြစ်ကြောင်း တွေ့ရပါတယ်။ လူဦးရေ ထူပြောများပြားတဲ့မြို့တော် တိုကျိုနဲ့ စင်ကာပူနိုင်ငံတို့ဟာ မြို့ပြဆိုင်ရာ လူ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဋ္ဌာန်းထား တဲ့စည်းကမ်းတွေကို မည်သို့သောအခြေအနေဖြစ်ဖြစ် မြို့တော်သူ မြို့တော်သားတို့ဟာ လိုက်နာကြတော့ အားလုံးအဆင်ပြေကြောင်း ကမ္ဘာကို သက်သေပြနေပါတယ်။ 

မြန်မာတို့အတွက် အကောင်းဆုံးလမ်းလျှောက် နိုင်တဲ့နေရာတွေကတော့ မြို့ကြီးတွေမှာဆိုရင် ဥပမာ ရန်ကုန်မြို့ကြီးဆိုရင် ကန်တော်ကြီးနဲ့ အင်းယားကန်စောင်းတွေပဲ။ မော်တော်ယာဉ်တွေ ထူထပ်၊ အမှိုက်ပုံတွေ ထူပြောနံစော်နေတဲ့ မြို့ကြီးတွေမှာ လမ်းလျှောက်ဖို့ အလွန်ပဲစိတ်ဆင်းရဲရပါလိမ့်မယ်။ မြက်ဖုတ်နဲ့ အမှိုက်တသောသောထူနေတဲ့ နေရာတွေမှာ ပန်းမန်တွေရှိနေရင် ဈေးသွားဈေးလာ ဆိုက်ကားမောင်းနဲ့ လမ်းလျှောက်သူ အပေါင်းဟာ စိတ်ကြည်နူးကြမယ်လို့ မြင်ပါတယ်။ လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးအတွက် ကုန်ကျစရိတ်အနည်းဆုံးမို့ လူတစ်ယောက် နှစ်ယောက် လမ်းလျှောက်ဖို့အတွက် ယနေ့မြင်တွေ့နေရတဲ့ အချို့သောလမ်းဘေးမှာ အသေးစားအလုပ် ရုံလေးတွေကလည်း လမ်းပခုံးပေါ် နယ်ချဲ့လို့ မသင့်ဘူး။ 

ဘုရားစေတီတွေ ကိုးကွယ်ရင်း မြန်မာတို့လမ်းလျှောက်ဖြစ် 

ကျွန်တော်တို့ မြန်မာတွေအတွက် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောကောင်းကျိုးဖြစ်စေတာကို ရွေးချယ်ထောက်ပြပါဆိုရင် ဘုရား၊ ပုထိုး၊ စေတီ တွေနဲ့ သာသနိကကျောင်းကန်အဆောက်အအုံတွေဟာ တောင်တန်းတောင်ရိုး ကမူထိပ်ပေါ်မှာ တည်ထားတာပဲဖြစ်ပါတယ်။ ပဲခူးရိုးမတောင်စွယ်ပေါ် တည်ထားကိုးကွယ်နေတဲ့ ရွှေတိဂုံစေတီတော် ကစလို့ပါပဲ။ ပုပ္ပားတောင်ကလပ်၊ စစ်ကိုင်းတောင်၊ မန္တလေးတောင်တော်ပေါ်မှာ တည်ထားတဲ့ ဘုရားပုထိုးတွေကိုးကွယ်ရင်း မြန်မာတို့ဟာ လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။ အဆုတ်နဲ့ ခန္ဓာကိုယ် ကြွက်သားတွေဟာ သန်မာစေပါတယ်။ 

ကျွန်တော်ပေးတဲ့ ဥပမာတွေထဲမှာ ကျန်တာ တွေရှိနိုင်ပါတယ်။ ကျေးရွာသေးသေးလေးမှာ တည်ထားတဲ့စေတီနဲ့ တရားဓမ္မအားထုတ်တဲ့ ဆရာတော်တွေနဲ့ အထိုက်အလျောက်မြင့်မားတဲ့ ကုန်းကမူမှာ ထုံးဖြူဖြူနဲ့စေတီတော်ကို သွားရောက် ဖူးမြော်ရင်း လမ်းလျှောက်ဖြစ်ပါတယ်။ ဒါတွေကို ရှုမြင်သုံးသပ်ကြည့်ရင် မြန်မာတို့ဟာ အမြော်အမြင် ကြီးခဲ့ပါတယ်။ ရိုးရိုးနဲ့ မြင့်မြင့်ကြံခဲ့တဲ့ လူမျိုးဖြစ်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းက ဥပမာတစ်ခုကို ထုတ်ပြပါဆိုရင် ဂျပန်နိုင်ငံ တောင်ကုန်းတောင်တန်းတွေမှာ နေထိုင်ကြတဲ့ ရှေးလူကြီးတွေဟာ အသက်ရာကျော် ရှည်ကြောင်း သိရှိရပါတယ်။ မြေပြင်ထက်မြင့်တဲ့ နေရာမှာရှိတော့ အနိမ့်အမြင့် လမ်းလျှောက်နေဖြစ်ကြတယ်။ လေကောင်းလေသန့်ရကြတယ်။ လေထုညစ်ညမ်း ပူနွေးစေတဲ့ ကာဗွန်ဓာတ်ငွေ့ဟာလည်း နည်းတော့ ကောင်းမွန်တဲ့လေထုကို ရှူရှိုက်လျက် သားဖြစ်လို့ ကျန်းမာစေတယ်လို့ ပြောနိုင်ပါတယ်။

အမေရိကန်မြို့ပြတွေဟာ အမျိုးသားလေထု ညစ်ညမ်းမှုစံချိန် (the national air quality standards) ကို မမီနိုင်ဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အိုဇုန်းနဲ့ နိုက်ထရိုဂျင် အောက်ဆိုက်ပမာဏ လေထုအရည်အသွေးအညွှန်း (Air Quality Index Values 0-50) အကောင်းဆုံး သုညမှ ၅၀ ကို မရောက်နိုင်သေးတာပဲဖြစ်ပါတယ်။ ၅၁ မှ ၁၀၀ ဆိုရင် အတော်အသင့်ကောင်းပြီး ၁၀၁ မှ ၁၅၀ အထိ ရောက်သွားပြီဆိုရင် ကျန်းမာရေးနဲ့ မညီမညွတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ၃၀၁ မှ ၅၀၀ အထိ လေထုအရည်အသွေးပမာဏ ရောက်ပြီဆိုရင်တော့ အန္တရာယ်အဆင့်ရောက်သွားပါပြီ။ 

လက်တင်အမေရိကနိုင်ငံများက မြို့ကြီးတွေမှာ စုစုပေါင်း ၈၁ သန်းသော လူထုဟာ မီးခိုးတလူလူနဲ့ မွန်းကျပ်နေတဲ့လေထုမှာ နေထိုင်ကြရပါတယ်။ ရန်ကုန်မြို့ကြီးဟာ ဒီအခြေအနေအထိ မဆိုးသော်လည်း လူစီးမော်တော်ကားတွေ များတာကြောင့် လေထုဟာ ညစ်ညမ်းလာပါမယ်။ ကာဗွန်မိုနောက်ဆိုက်နဲ့ အိုဇုန်းဓာတ်ငွေ့တို့ဟာ လမ်းသွားလမ်းလာ တွေအတွက် အထိုက်အလျောက် အန္တရာယ်ပြုနေပေလိမ့်မယ်။ လူအများသုံး ဘတ်စ်ကားတွေ များများပြေးဆွဲနိုင်ရင် အဆိပ်ဓာတ်ငွေ့အန္တရာယ်က ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မြို့ပတ်ရထားတွေ ပိုပြေးဆွဲခြင်းဖြင့် ရန်ကုန်မြို့ကြီးရဲ့ လေထုဟာ ပိုသန့်ရှင်းလာပါလိမ့်မယ်။ လမ်းဘေးဝဲယာတွေမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ စုပ်ယူမယ့် သစ်ရွက်ကြွေနည်းတဲ့ သစ်ပင်ပန်းပင်တွေ စိုက်ခြင်းဖြင့်လည်း လေထုဟာသန့်ရှင်းပြီး မြင်ရသူ ကြည်နူးမယ့်ပန်းအလှတွေ ဝေဆာနေရင် စိတ်ပူလောင်ခြင်းကင်း၊ ဒေါသကင်းတဲ့ပတ်ဝန်းကျင်ဟာ ကိုယ့်အနီးအနားမှာ တွေ့ရမှာဖြစ်ပါတယ်။ 

ကံ၊ စိတ်၊ ဥတု၊ အာဟာရဟာ လူတိုင်းအပေါ်မှာ အကောင်း၊ အဆိုး သက်ရောက်စေပါတယ်။ ကံ ဆိုတာအလုပ်ဆိုပြီး နားလည်ကြပါတယ်။ လမ်းလျှောက်တာဟာ ကံအမှုပြုလုပ်ခြင်းပဲ။ လမ်းလျှောက်ဖို့ မေ့နေတတ်တဲ့ (၂၁) ရာစု ဉာဏလုပ်သားတို့ဟာ အလုပ်ရုံမှာ ကွန်ပျူတာနဲ့ မျက်နှာကပ်နေတာ များတတ်တာမို့ လမ်းလျှောက်ဖို့ မမေ့ကြဖို့ တိုက်တွန်းလိုပါတယ်။ ဝန်ထမ်းဘဝမှ အငြိမ်းစားယူတဲ့အခါ မပြည့်စုံရှာဘဲ ဆေးရုံကြီးတွေမှာ မျက်မှောက်မပြုစေလိုကြောင်း လေရှူလမ်းလျှောက် ရေများများသောက်၊ အဆီနဲ့ ဆား၊ သကြားလျှော့စား မေတ္တာပွားများ ကြီးပွားချမ်းသာခြင်းတရားဖြစ်ပါကြောင်း မေတ္တာဖြင့်ရေးသားလိုက်ပါတယ်။ ။