လေးမျက်နှာ ၁၇ သြဂုတ်
လေးမျက်နှာမြို့နယ် မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးတပ်စုအဆင့်စုဖွဲ့ထားမှုနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ဇာတ်တိုက်လေ့ကျင့်ခြင်းကို သြဂုတ် ၁၆ ရက် နေ့လယ် ၁ နာရီက လေးမျက်နှာမြို့ အမှတ် ၅ ရပ်ကွက် စိန်အောင်မင်းကူးတို့ဆိပ်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၀ ဦးတို့က ငဝန်မြစ်အတွင်း အသက်ကယ်လှေဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရာတွင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် Speed board / Life jacket (အသက်ကယ်အင်္ကျီ) အသက်ကယ်ဘောကွင်း အသက်ကယ်ကြိုးခွေ အသုံးပြုပုံများကို မြို့နယ်မီးသတ်ဦးစီးမှူးက ရှင်းလင်းပြောကြားပြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လေးမျက်နှာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်စွာဆောင်ရွက်နိုင်ရန်နှင့် ဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ယခုလိုအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးက ပြောသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူ းဦးထူးထက်နှင့် ဌာနဆိုင်ရာများ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြည်သူများ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
ရွှေမိုး(လေးမျက်နှာ)


