လေဆိပ်နှင့် အဝေးပြေးကွင်းများကို ယာဉ်အစီးရေ ၂၀ ဖြင့် ချိတ်ဆက်ပြေးဆွဲမည်

ရန်ကုန်  ၁၈ ဒီဇင်ဘာ

 

Omni Focus ကုမ္ပဏီအနေဖြင့် လေဆိပ်နှင့် အဝေးပြေးကွင်းများကို ယာဉ်အစီးရေ ၂၀ ဖြင့် ချိတ်ဆက်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

 

ထို့ပြင် Omni Focus ကုမ္ပဏီအနေဖြင့် တက္ကသိုလ်လေးခုဖြစ်သည့် နည်းပညာတက္ကသိုလ် (လှိုင်သာယာ)၊ ဆေးတက္ကသိုလ်(၂)၊ ဒဂုံတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)တို့ကို ယာဉ်အစီးရေ ၂၇ စီးဖြင့် ချိတ်ဆက်ပြေးဆွဲရန်လည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံသို့ တင်ပြထားကြောင်း သိရသည်။

 

"Omni Focus ကုမ္ပဏီကနေ တင်ပြထားတာ နှစ်ခုရှိပါတယ်၊ ပထမတစ်ခုဖြစ်တဲ့ လေဆိပ်နဲ့ အဝေးပြေး ယာဉ်ရပ်ဝန်းကြီးတွေနဲ့ ချိတ်ဆက်မှု၊ လေဆိပ်ကနေ အောင်မင်္ဂလာ အဝေးပြေးသွားမယ်၊ ပြီးရင် ဒဂုံဧရာသွားမယ်၊ ပြီးလို့ရှိရင် လေဆိပ်ကို ပြန်ဝင်မယ်၊ ဒါတစ်ကြောင်း၊ နောက်တစ်ကြောင်းက လေဆိပ်ကထွက်မယ်၊ ဒဂုံဧရာကို အရင်သွားမယ်၊ ပြီးရင် အောင်မင်္ဂလာသွားမယ်၊ ပြီးရင် လေဆိပ်ပြန်မယ်ဆိုတဲ့ လမ်းကြောင်းနှစ်ကြောင်းရယ်၊ နောက် တက္ကသိုလ်လေးခု ချိတ်ဆက်မယ့် တင်ပြမှုပါ"ဟု ဦးလှအောင်က ပြောသည်။


လက်ရှိ လေဆိပ်နှင့် အဝေးပြေးကွင်းများကို ချိတ်ဆက်ပြေးဆွဲရန်အတွက် အောင်မင်္ဂလာ အဝေးပြေးနှင့် ဒဂုံဧရာ အဝေးပြေးတို့တွင် ယာဉ်ရပ်နားကွင်းနေရာများ ရရှိရေး ဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။

 

ထို့ပြင် အဆိုပါယာဉ်လိုင်းများတွင် ပြေးဆွဲမည့်ယာဉ်များ မှတ်ပုံတင်ရန်အတွက် လုပ်ငန်းလိုင်စင်ရုံးတွင် ဆောင်ရွက်နေသောကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး ပြေးဆွဲနိုင်ရေးကုမ္ပဏီအနေဖြင့် ကြိုးစားဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။

 

ထိုသို့ ချိတ်ဆက်ပြေးဆွဲမည့် ယာဉ်လိုင်းများ ပေါ်ထွက်လာပါက ခရီးသွားပြည်သူများ၏ သွားလာမှုအပေါ် လုံခြုံစိတ်ချရမှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးသကဲ့သို့ လက်ရှိအချိန်တွင် ယခင်ထက် ညီညွတ်မျှတသည့် ဝန်ဆောင်မှုကောင်းများကိုလည်း ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဦးလှအောင်က ပြောသည်။

 

လက်ရှိ Omni Focus ကုမ္ပဏီအနေဖြင့် YBS (၂၀)၊ YBS (၈၃)၊ YBS (၉၈)၊ YBS (၉၉)၊ YBS (၅၆) ယာဉ်လိုင်းအပါအဝင် ရန်ကုန်ဘူတာကြီးမှ လေဆိပ်သို့ ပြေးဆွဲပေးနေသည့် Airport Shuttle Bus တို့အပြင် ယာဉ်လိုင်းအသစ် နှစ်လိုင်းကို ထပ်မံပြေးဆွဲရန် တင်ပြထား​ခြင်းဖြစ်သည်။

လက်ရှိ အစိုးရလက်ထက်တွင် မထသ စနစ်ကို ရပ်စဲပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှစ၍ YBS စနစ်ကို ပြောင်းလဲခဲ့ကာ လက်ရှိအချိန်တွင် လမ်းကြောင်းပေါင်း ၁၃၅ လမ်းကြောင်းမှ ယာဉ်လိုင်းနံပါတ်ဖြင့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိသည့်အပြင် Airport Shuttle Bus ၊ City Transit တို့လည်းရှိကာ တစ်နေ့လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၅၀၀ ခန့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

ငြိမ်းငြိမ်း