လားရှိုးမြို့တွင် Stay at home ပယ်ဖျက်ပြီးနောက် အခြေခံကျောင်းများစတင်ဖွင့်လှစ်

လားရှိုး ဒီဇင်ဘာ ၂

           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နိုဝင်ဘာလ ၂၅ရက်မှစ၍ Stay at home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက် နိုဝင်ဘာလ(၃၀)ရက်မှစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

           

အဆိုပါအခြေခံကျောင်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ လားရှိုးမြို့ မြို့နယ်ပညာရေးမှူး ဦးချစ်သန်းညွန့် က လားရှိုးမြို့အား နိုဝင်ဘာလ ၂၅ရက်နေ့မှစ၍ Stay at home အစီအစဉ်မှ ပယ်ဖျက်ခဲ့သည့်အတွက် ဆရာ/ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ တပ်ဘက်နယ်ဘက် တာဝန်ရှိလူကြီးများနှင့် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆေးဖြန်းခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်းများကို ကြိုတင်ပြင်ဆင်ခဲ့ကြောင်း၊ နိုဝင်ဘာလ(၃၀)ရက်နေ့မှစ၍ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် အခြေကျောင်းများကိုဖွင့်လှစ်ခဲ့ကြောင်း၊ လားရှိုးမြို့ပေါ်အနေဖြင့်် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းပေါင်း(၃၉)ကျောင်းစလုံး ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ကျန်ရှိသော နယ်ကျောင်းများကိုလည်း ဒီဇင်ဘာလ(၁) ရက်နေ့မှစ၍ ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း၊ ကျောင်းသား/သူများအတွက် လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စများကို လည်း တာဝန်ရှိသူများနှင့် စဉ်ဆက်မပြတ် စီမံဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

           
အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

                                                                                                                                   

စိုင်းအောင်ကျော်စိုး