ကျူးကျော်များနေထိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း နေအိမ်ငါးသောင်းခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထား

ရန်ကုန်  ၁၈ ဒီဇင်ဘာ

ကျူးကျော်များနေထိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း နေအိမ်ငါးသောင်းခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျူးကျော်နေထိုင်သူများအတွက် ရွှေပြည်သာမြို့နယ်၊ တိုးချဲ့၁၉ ရပ်ကွက်တွင် နေအိမ် ၂၆၄ လုံးကို  ဆောက်လုပ်လျက်ရှိပြီး ရွှေပြည်သာတွင် နေအိမ်များ ဆောက်လုပ်ပြီးစီးပါက လှိုင်သာယာမြို့နယ်နှင့် ဒဂုံမြို့သစ် လေးမြို့နယ်တွင် ဆက်လက်ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျူးတွေအတွက်က အိမ် လောလောဆယ် ၂၀၀ ကျော်ဆောက်နေပြီ၊ ရွှေပြည်သာက ပြီးသွားရင် လှိုင်သာယာရော ဒဂုံ လေးမြို့နယ်ရော ဆက်ဆောက်မယ်၊ ဒီဘဏ္ဍာရေးနှစ်ထဲမှာ အနည်းဆုံး နှစ်သောင်းကနေ ငါးသောင်းအထိ ရည်ရွယ်ထားတယ်၊ ငါးသောင်းအထိ ပြီးနိုင်မပြီးနိုင်တော့ မပြောတတ်သေးဘူး၊ သို့သော် အနည်းဆုံး နှစ်သောင်းအထိတော့ ပြီးအောင်လုပ်မယ်၊ ငါးသောင်းလည်း ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်၊ နှစ်သောင်းနဲ့ ငါးသောင်းကြား ပြီးအောင်ဆောက်ဖို့ ရည်မှန်းထားတယ်၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အပြီးလုပ်မှာပါ"ဟု ဦးသန်းက ပြောသည်။

လက်ရှိ ရွှေပြည်သာမြို့နယ်တွင် နေအိမ် ၂၆၄ လုံး ဆောက်လုပ်မှုမှာ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးတော့မည်ဖြစ်ပြီး နေထိုင်ခွင့်ရရှိထားသူများအနေဖြင့် ယခုလကုန်တွင် နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျူးကျော်များ နေထိုင်ရန်အတွက် ဆောက်လုပ်နေသည့် နေအိမ်များမှာ ၁၅ ပေ ၃၅ ပေရှိသည့် အဆောက်အဦးများဖြစ်ပြီး တန်ဖိုးငွေမှာ ကျပ်သိန်း ၃၀ ဝန်းကျင်ရှိပြီး ယင်းအိမ်ရာငွေကြေးကိုလည်း နေထိုင်သူများက အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်ရန် ချေးငွေရရှိရေးအတွက် စီစဉ်‌ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးသန်းက ပြောကြားထားသည်။

လက်ရှိ ကျူးကျော်နေထိုင်သူများအတွက် နေအိမ်လိုအပ်ချက်မှာ တစ်သိန်းခွဲခန့်ရှိသောကြောင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒဂုံလေးမြို့နယ်တွင် မြေနေရာရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်နိုင်ရန်အတွက် မြေယာများရရှိရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာတို့မှ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်​ပေးလျက်ရှိပြီး တန်ဖိုးနည်းအိမ်ရာများတွင် မြေတန်ဖိုးကို ထည့်သွင်းမတွက်ချက်ဘဲ အိမ်တန်ဖိုးကိုသာ အရစ်ကျစနစ်ဖြင့်  ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများအတွက် ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူထားကြောင်း သိရသည်။

ငြိမ်းငြိမ်း