ကသာ ၃ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဒုတိယဦးစီးမှူး (ဈေး)နှင့် ဝန်ထမ်းများ ပူးပေါင်း၍ ကသာမြို့ရှိ ဈေးသည်နှင့် ဈေးဝယ်ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ဈေးဝယ်ပြည်သူများအား (၃)ပေအကွာမှ ဈေးဝယ်ယူအားပေးစေခြင်းနှင့် ကျန်းမာရေး အသိပညာပေးဆိုင်ရာများ လိုက်လံအသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကသာမြို့ဈေးများတွင် ဆောင်ရွက်ခဲ့သည်။
ကသာမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဈေးအတွင်းရှိ သားငါးရောင်းချနေသည့် ဆိုင်များမှ ဈေးသည်များအား သားငါးများကို အဖုံးများ ဖုံးအုပ်ပြီး ရောင်းချရန်၊ လက်အိတ်စွပ် ရောင်းချရန်၊ နှာခေါင်းစည်းဖြင့် ရောင်းချရန် စစ်ဆေးဆောင်ရွက်ခြင်း၊ ဈေးဝယ်သူများ လက်ဆေးနိုင်ရန် အတွက် ဈေးအတွင်း လက်ဆေးဘေစင်များ တပ်ဆင်ပေးခြင်း၊ ဈေးပိတ်သည့်နေ့များတွင် ကူးစက် ရောဂါများ မဖြစ်ပွားစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းစသည့် အခြားကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ဈေးထဲမှာ ဈေးသူ ဈေးသားများနဲ့ ဈေးဝယ်သူများက ကျန်းမာရေးနှင့်ဆိုင်တဲ့ ညွှန်ကြားချက် အတိုင်း ပုံမှန်လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိ သွားရောက်စစ်ဆေးတယ်။ ပြီးတော့ လိုအပ်မယ့်နေရာများ မှာလည်း ထပ်မံပြီး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများနှင့် အခြားသောကျန်းမာရေးအသိပညာပေးခြင်း နှင့် ကျန်းမာရေး ဆောင်ရွက်ချက်များကိုလည်း ဈေးများနှင့် ဈေးသူ/သားများ၊ ဈေးဝယ်သူများအား ကူးစက်ရောဂါ ဖြစ်ပွားမှု မရပ်တန့်သရွေ့ ဆက်လက်ဆောင်ရွက်သွားမယ်”လို့ မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ ဦးသန့်ဇော် (မြို့နယ်အမှုဆောင်အရာရှိ)က ပြောခဲ့သည်။
ရဲအောင်(ကသာ)


