ကပ်ရောဂါဘေးကင်းဝေးရေး မြဲမြဲသောသတိဖြင့် ကြိုးစားအားထုတ်

 

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီးတွင် အတန်ငယ်အားယူပြီးနောက် နောက်ဆုံးဩဝါဒစကားကို အောက်ပါအတိုင်း မှာကြားမိန့်တော်မူသည် -

ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။

ချစ်သားတို့ - သင်တို့အား ယခုနောက်ဆုံးစကား မှာကြားပေအံ့။ "ဖြစ်ပေါ်သမျှသဘာဝတို့သည် ပျက်စီးရသည်ချည်းသာတည်း။ မြဲမြံသော သတိဖြင့် သီလ၊ သမာဓိ၊ ပညာ တရားတို့ကို ပြည့်စုံတိုးပွားအောင် ကြိုးစား အားထုတ်ရစ်ကြကုန်လော့" ဟု မိန့်တော်မူခဲ့သည်။

ဤကမ္ဘာလောကကြီးတွင် ဖြစ်ခြင်းတို့နှင့်အတူ ပျက်စီးခြင်းတို့လည်း ဖြစ်ပေါ်လာရသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယင်းကို မြတ်စွာဘုရားရှင်က နောက်ဆုံးသတိပေးခဲ့သည်။ မြဲမြံသောသတိဖြင့် သိက္ခာသုံးပါး အကျင့် တရားတို့ကို ပြည့်စုံတိုးပွားအောင် ကြိုးစားအားထုတ်မှသာ ဒုက္ခဝဋ်ဆင်းရဲအပေါင်းတို့မှ လွတ်မြောက်နိုင်မည် ဖြစ်သည်။ သိက္ခာသုံးပါးကဲ့သို့ ကောင်းမြတ်သောအကျင့်တရားတို့ကို အားမထုတ်နိုင်ကြပါက မည်သည့် လောကလူသားမဆိုဘေးဒုက္ခကြုံတွေ့နိုင်ပုံကိုမျက်မှောက်ကာလကပ်ဘေးတို့က အသိပေးနေပါသည်။

ဖောက်ပြန်ချို့ယွင်းခြင်းကိုဆိုလိုသော ဝိပတ္တိကာလတွင် သတ္တဝါတို့ လောဘ၊ ဒေါသ၊ မောဟတရားများနှင့် မေ့လျော့ခြင်းတို့ ကြီးမားလွှမ်းမိုးလာသောကြောင့် ပျက်စီးခြင်းဘေးအမျိုးမျိုးတို့ ပေါ်ပေါက်လာရသည်ဟု ဗုဒ္ဓ တရားတွင် ဆိုထားသည်။ ကပ်ရောဂါအသွင်ဖြစ်ပွားသည့် ရောဂါဘေးကြောင့် ကမ္ဘာတစ်ဝန်း၌ လူအပေါင်းတို့ သေကျေပျက်စီးခြင်းသည် အဆုံးမသတ်သေးဘဲ ရှိနေသေးသည်။ လောကလူသားများ ပျက်စီးခြင်းကပ်ဘေး တို့သည် ယခုမှမဟုတ် ရှေးကာလကလည်း ဖြစ်ခဲ့ရသည်။ ယခုကာလတွင်လည်း ပျက်စီးနေသည်။ နေခင်ကာလတွင်လည်းပျက်စီးမည်ဖြစ်သည်။

ထို့ကြောင့် ပေါ့ပေါ့ဆဆမနေထိုင်ကြဘဲ မြဲမြံသောသတိတရားကို စွဲမြဲစွာလက်ကိုင်ထား၍ မှန်ကန်သောအကျင့်မြတ်သောတရားတို့ကို ကြိုးစားပွားများအားထုတ်ကြဖို့ လိုပေလိမ့်မည်။ ကိုဗစ်-၁၉ ကပ်ဘေးရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူ ခုနစ်သန်းကျော်ရှိပြီး ရောဂါကြောင့် သေဆုံးသွားသူ လေးသိန်းကျော်နေပြီ။ ကမ္ဘာပေါ်တွင် ချမ်းသာကြွယ်ဝသော နိုင်ငံများ၌ အများဆုံးကူးစက်ဖြစ်ပွားသေဆုံးနေပြီး ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ အင်အားအကြီးဆုံးနိုင်ငံကြီးတွင် ရောဂါ ကူးစက်ခံရသူ နှစ်သန်းနီးပါးနှင့် သေဆုံးသူတစ်သိန်းကျော်ရှိနေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ၂၄၆ ဦး၊ သေဆုံးသူ ခြောက်ဦးသာရှိသည်ဆိုသော်လည်း ကပ်ရောဂါဘေး အစုအပြုံလိုက် မကျရောက်လာရေး၊ အခြားဘေးအန္တရာယ်များလည်း ကင်းဝေးရေးအတွက် မြဲမြံသောသတိဝီရိယဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်သာမက ကောင်းမြတ်သော အကျင့်တရားများဖြင့်လည်း ဘေးအန္တရာယ်ကင်းရေးကို အားထုတ်ကြရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဂါဖြင့် သေဆုံးသူ ခြောက်ဦးနှင့် ထိန်းထားနိုင်သော်လည်း အခြားဘေးအမျိုးမျိုး ရောဂါအမျိုးမျိုးတို့ကြောင့် လူ့အသက်များ မဆုံးရှုံးမပျက်စီးသင့်ဘဲ ဆုံးရှုံးမပျက်စီးရအောင်လည်း ဂရုစိုက်ဖို့လိုမည် ဖြစ်သည်။ လက်နက်ဘေး၊ ကူးစက်ရောဂါအမျိုးမျိုး၊ မကူးစက်နိုင်သောရောဂါဘေးနှင့် သဘာဝဘေး အန္တရာယ်ဘေးတို့ကိုလည်း သတိထားရမည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် မိုးကြိုကာလနှင့် မိုးနှောင်းကာလတို့၌ ဖြစ်ပေါ်တတ်သော မိုးကြိုးဘေးအန္တရာယ်သည် အထူးသတိထားရမည့် အချက်ဖြစ်သည်။ ယမန်နှစ်က မိုးကြိုးပစ်ခံရမှုကြောင့် လူ ၁၃၃ ဦး သေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခုနှစ်တွင် ဇွန်လ ၆ ရက်နေ့အထိ လူ ၆၂ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။

သို့ဖြစ်ရာ ဖောက်ပြန်ချို့ယွင်းပျက်စီးတတ်သော ဝိပတ္တိကာလတွင် ရောဂါကပ်ဘေးတို့သာမက အခြားဘေးအမျိုးမျိုးတို့နှင့်လည်း ရင်ဆိုင်ကြုံတွေ့နိုင်သည်ဖြစ်ရာ လောကလူတို့ လိုက်နာအပ်သည့်၊ လိုက်နာရမည့် ဆိုင်ရာဆိုင်ရာတို့၏ အသိပေးထုတ်ပြန်ထားချက်များ လမ်းညွှန်ချက်များအား အလေးအနက်ထားဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း လောကဓမ္မတာအရ ပျက်စီးရမည့်ဘေးတို့မှ လျော့ပါးသက်သာကင်းဝေးရေးအတွက် မြတ်စွာဘုရားရှင် နောက်ဆုံးမှာကြားချက်ဖြစ်သည့်  မြဲမြံသောသတိဖြင့် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးတို့ကို ပြည့်စုံတိုးပွား  အောင် ကြိုးစားအားထုတ်သင့်ပါကြောင်း။           ။

ကြေးမုံ