ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လုပ်ငန်းများ ပူးပေါင်းလက်တွဲ ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်အကြံပြုချက်ရယူခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၁၈ ဒီဇင်ဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံအတွင်းလုပ်ငန်းများ ပူးပေါင်းလက်တွဲ ဆောင်ရွက်နေသော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့်မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင် အကြံပြုချက်ရယူခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Horizon Lake View ဟိုတယ် နေပြည်တော်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် လူနာများ ဘေးကင်းလုံခြုံရေး၊ ကျောင်းအခြေပြုကျန်းမာရေး မြှင့်တင်မှု၊ ကျန်းမာရေးအသိပညာမြှင့်တင်မှု၊ ပြည်သူအခြေပြု ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှု၊ အာဟာရဖွံ့ဖြိုးမှု၊ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး၊ အရည်အသွေးမြင့်မား၍ ကျင့်ဝတ်နှင့်ညီသော ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များ ပိုမိုမွေးထုတ်လေ့ကျင့်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့်လည်း ပိုမိုပူးပေါင်းလက်တွဲ ဆောင်ရွက်စေလိုပါကြောင်း။

အမျိုးသားကျန်းမာရေးမူဝါဒအသစ် ပြန်လည်ရေးဆွဲပြီးသည့်နောက်တွင် ဝန်ကြီးဌာန၏ ဘဏ္ဍာငွေနှင့် ရန်ပုံငွေများခွဲဝေချထားမှု၊ လုပ်ငန်များ အကောင်အထည်ဖော် ဆောင်ရွက်မှုအတိုင်းအတာ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ခွဲဝေတာဝန်ချထားမှု၊ ဦးစားပေးလုပ်ငန်းများ သတ်မှတ်ဆောင်ရွက်မှုတို့ကို မူဝါဒနှင့်အညီ မွမ်းမံပြင်ဆင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်လေ့ကျင့်မှု မဟာဗျူဟာနှင့် စီမံကိန်းများသည် အလွန်အရေးကြီးပါကြောင်း။

ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်း (၄၂)ခုကိုလည်း ပိုမိုထိရောက် အောင်မြင်မှုရှိစေရေး၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်မှုအားကောင်းစွာဖြင့် ဆောင်ရွက်နိုင်ရေးတို့ကို လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများအနေဖြင့် အမျိုးသားကျန်းမာရေး မူဝါဒပြန်လည်ရေးဆွဲရေး၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရေးတို့အတွက် အကြံပြုချက်များကို ပွင့်လင်းစွာ ပြောကြားကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူကောင်းမွန် စေရေးအကြံပြုချက်များကိုလည်း ပေးအပ်စေလိုပါကြောင်း။

မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ တာဝန်ရှိသူများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးခြင်း၊ ကျန်းမာရေး စီမံချက်မန်နေဂျာများနှင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးခြင်းများကိုလည်း လုပ်ဆောင်ကြစေလိုပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အားနည်းချက်များကို ဖော်ထုတ်၍ အားဖြည့်ဆောင်ရွက်ခြင်း၊ အားသာချက်များ ပိုမိုအားကောင်းစေရေးတို့အတွက် အသုံးချသုတေသနများ ပိုမိုပြုလုပ်ဆောင်ရွက်စေလိုပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ ပူးပေါင်းလက်တွဲဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းကဏ္ဍအလိုက်၊ လုပ်ငန်းဆောင်ရွက်ရာ နေရာဒေသအလိုက် လုပ်ငန်းများရောထွေးမှုနှင့် လုပ်ငန်းများ တစ်နေရာတည်းတွင် စုပြုံထပ်နေခြင်းများ မရှိစေရေး အသုံးချသုတေသနများဖြင့် ဆန်းစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအတွက် သုတေသနစွမ်းရည်နှင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှုစွမ်းရည်များ မြှင့်တင်ရေးအတွက် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်)တွင် သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုဆွေးနွေးပွဲတွင် ပေးအပ်သည့် အကြံပြုချက်များကို မြန်မာနိုင်ငံအမျိုးသား ကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရာတွင်လည်းကောင်း၊ လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင်လည်းကောင်း ဝန်ကြီးဌာနမှ အလေးအနက်ထား ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ဆန်းစစ် သုံးသပ်နိုင်ရေးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်းက မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေးအတွက် ခြုံငုံတင်ပြခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သည့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများ စသည့်မိတ်ဖက် အဖွဲ့အစည်း (၆၂) ဖွဲ့မှ တာဝန်ရှိသူများက ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ အဖွဲ့လိုက်တင်ပြဆွေးနွေးခြင်းနှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

သတင်းစဉ်