နေပြည်တော်  ၃၁  သြဂုတ်


အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီနှင့် ဝက်စ်မင်စတား ဒီမိုကရေစီ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှု၊ သေဆုံးမှုနှင့် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများဆိုင်ရာ လက်တွေ့ ဆောင်ရွက်နေသူများ၏ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ ကျင်းပသည်။


နှီးနှောဖလှယ်ပွဲတွင် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။


ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက မြန်မာနိုင်ငံ အမျိုးသား ကင်ဆာရောဂါ ကာကွယ်ရေး အစီအစဉ်နှင့် ကင်ဆာရောဂါ ကာကွယ်ရေးအတွက် စိန်ခေါ်မှုများကို ဆွေးနွေးပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်က မြန်မာနိုင်ငံရှိ ကင်ဆာရောဂါ ကာကွယ်ရေးတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် နေပြည်တော် ခုတင်(၁၀ဝ၀)ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီး ဒေါက်တာခိုင်စန္ဒာနှင့် ဒေါက်တာ ခင်ခင်နွယ်တို့က မြန်မာနိုင်ငံရှိ ကင်ဆာရောဂါ လူနာများကို ဓာတ်ရောင်ခြည်နည်းဖြင့် ကုသပေးမှု အခြေအနေ၊ ကင်ဆာ ဆေးပညာဖြင့် ကုသပေးမှု အခြေအနေများနှင့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်နွယ်နှင့် ဒေါက်တာ ခိုင်စန္ဒာ၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းနှင့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ဒေါက်တာဖေသက်ထွန်း တို့က မြန်မာနိုင်ငံရှိ ကင်ဆာရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အခြေအနေများ ခေါင်းစဉ်ဖြင့် အုပ်စုဖွဲ့ ဆွေးနွေးကြသည်။

ယနေ့ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ၏ ဖြစ်ပွားမှုနှင့် သေဆုံးနှုန်းကို သိရှိရန်၊ ယနေ့ ကျန်းမာရေးစနစ်၏ ကင်ဆာရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးစွမ်းရည်များကို သိရှိနားလည်နိုင်စေရန်၊ လွှတ်တော်၊ ကင်ဆာရောဂါ မဖြစ်ပွားရေး ဦးဆောင်နေကြသော အဖွဲ့အစည်းများ၊ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ ကင်ဆာနှင့် မကူးဆက်နိုင်သော ရောဂါများ ကာကွယ်တားဆီးရေးဆိုင်ရာ မူဝါဒများ တိုးတက်ကောင်းမွန်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်