ကန့်ဘလူ ၄ အောက်တိုဘာ
The Restoration Initiative(TRI) စီမံကိန်းသည် ဒေသခံအကျိုး ဆက်စပ်ပတ်သက်သူများ၏ ပူးပေါင်းပါဝင်စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံတွင် သစ်တောများပျက်စီးပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းတို့ကို လျော့ချနိုင်ရန်နှင့် ရေမြေတောတောင်များကို ပြန်လည်ပြုစုပျိုးထောင်နိုင်ရန် ရည်ရွယ်ကာမြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ ပိတောက်သိင်္ဂီခန်းမ၌ အောက်တိုဘာ ၁ ရက်မှ ၃ ရက်ထိကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် IUCN (International Union for Conservation of Nature) မှ ပညာရှင်များ၊TNC (The Nature Conservancy) မှပညာရှင်များ၊TRI စီမံကိန်းမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရေမြေတောတောင်ဝန်းကျင် ပြန်လည်ပြုစုပျိုးထောင်ရေး (Forest Landscape Restoration-FLR)လုပ်ငန်းများ၊ပြန်လည်ပြုစုပျိုးထောင်ရေး အခွင့်အလမ်းများကို အကဲဖြတ်ခြင်းနည်းလမ်းများ (Restoration Opportunities Assessment Methodology-ROAM)အား မိတ်ဆက်ခြင်း၊ ပျက်စီးရခြင်းအကြောင်းအရင်းများ၊ အကျိုးအမြတ်များ၊ FLR ၏ ရည်ရွယ်ချက်များ၊ FLR အပေါ်သက်ရောက်နေသော မူဝါဒရေးရာကွာဟချက်များနှင့် အဟန့်အတားများ၊ပဋိပက္ခများ ခွဲခြမ်းစိတ်ဖြာခြင်း၊ ဦးစားပေးရွေးချယ်ခြင်း၊ မူဝါဒအပေါ်အမြင်များဆွေးနွေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် FLR ဖြစ်စေရန် စီမံချက်များရေးဆွဲခြင်း ၊ မြေပုံရေးဆွဲခြင်း၊ စီမံချက်နှင့်ကိုက်ညီသော အချက်အလက်များစုစည်းခြင်း၊ မြို့နယ်အဆင့် ROAM အစီအစဉ်ရေးဆွဲခြင်း၊ အားသာချက်၊အားနည်းချက်၊ အခွင့်အလမ်း၊ ခြိမ်းခြောက်မှုများနှင့် ဆွေးနွေးပွဲရလဒ်အပေါ် သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
TRI စီမံကိန်း၏ မြန်မာနိုင်ငံရေမြေတောတောင် ဝန်းကျင် ပြန်လည်ပြုစုပျိုးထောင်ရေး(FLR)လုပ်ငန်းများနှင့် ပြန်လည်ပြုစုပျိုးထောင်ရေး အခွင့်အလမ်းများကို အကဲဖြတ်ခြင်းနည်းလမ်းများ(ROAM)အား မိတ်ဆက်တင်ပြ နိုင်ရန်အတွက် ပြည်ထောင်စု အဆင့်စီမံကိန်းအကြို အလုပ်ရုံဆွေးနွေးပွဲကို ယခုနှစ်မတ်လက နေပြည်တော်တွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီးအဆင့် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီးတို့မှ စစ်ကိုင်းတိုင်းဒေသကြီးအားရွေးချယ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့်စီမံကိန်းအကြို အလုပ်ရုံဆွေးနွေးပွဲကို မေလက မုံရွာမြို့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲများကို ကောလင်း၊ကျွန်းလှနှင့်ယခု ကန့်ဘလူမြို့နယ်တွင်ပြုလုပ်ခဲ့ပြီး ဆက်လက်၍ အင်းတော်၊ ကသာနှင့် ထီးချိုင့်မြို့နယ်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းစီမံကိန်းသည် မူဝါဒများအပေါ် အကျိုးသက်ရောက်မှုရှိ၍ ဂေဟစနစ်ဝန်ဆောင်မှုများအား တိုးတက်ကောင်းမွန်စေပြီး ရေမြေတောတောင်ဝန်းကျင် ပျက်စီးမှုဒဏ်များကို ခံနိုင်ရည်ရှိစေရန်နှင့်ရေမြေ တောတောင်ဝန်းကျင် ပြန်လည်ပြုစုပျိုးထောင်ရာ၌ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ မြှင့်တင်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်ပြုစုပျိုးထောင်ရေး အခွင့်အလမ်းများကို အကဲဖြတ်ခြင်းနည်းပညာ လမ်းညွှန်ချက်(ROAM)သည် ရေမြေတောတောင်ဝန်းကျင် ပြန်လည်ပြုစုရေး နည်းလမ်းများအား အသုံးပြု၍ နိုင်ငံအဆင့်(သို့မဟုတ်)ဒေသအဆင့်တို့တွင် ဒေသခံအကျိုး ဆက်စပ်ပတ်သက်သူများပူးပေါင်း၍ ရေမြေတောတောင်ဝန်းကျင် ပြန်လည်ပြုစု ပျိုးထောင်ရေး အခွင့်အလမ်းများအား အကဲဖြတ်လေ့လာဆန်းစစ်ရန်နှင့် ဒေသနှင့် သင့်လျော်၍ ထိရောက်မှုရှိသော ပြန်လည်ပြုစုပျိုးထောင်ရေး မဟာဗျူဟာအား ပေါ်ပေါက်လာစေရန်ဖြစ်သည်။
ယခုအခါ ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၏ အဓိကအကြောင်းရင်းများသည် သစ်တောပြုန်းတီးခြင်း၊ သစ်တောအတန်းအစား ကျဆင်းခြင်း၊ နယ်ပယ်မျိုးစုံမှ ထုတ်လွှတ်နေသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ကမ္ဘာ့လေထုထဲတွင် တစ်နေ့တစ်ခြား ပိုမိုများပြားလာခြင်း တို့ကြောင့်ဖြစ်သည်။
ထိုသို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု အကျိုးဆက်များကြောင့် မြေ၊ ရေ၊ လေထုများ ညစ်ညမ်းလာခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ အိုဇုန်းလွှာများ ပျက်စီးယိုယွင်းလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ယိုယွင်းလာခြင်း စသည့် သဘာဝဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်ကြုံတွေ့ နေရလျက်ရှိသည်။
သို့ဖြစ်ရာ အဆိုပါအကျိုးဆက်များကို အချိန်မီပြုပြင်သွားနိုင်ရန် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ခံယူကာပြန်လည်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက် သွားရန် လိုအပ်လှသည်။
မြန်မာနိုင်ငံ၏သစ်တော ဧရိယာဖုံးလွှမ်းမှုသည် FAO-Food and Agriculture Organization ၏၂၀၁၅ ခုနှစ် စာရင်းများအရ သစ်တောဧရိယာသည် ၂၉ သန်းကျော်ရှိသည့်အနက် ၂၀၁၀ ခုနှစ်နှင့်၂၀၁၅ ခုနှစ်အကြားတွင် နှစ်စဉ်သစ်တောပြုန်းတီးမှုသည် ၁ ဒသမ ၇၈ ရာခိုင်နှုန်းခန့်၊ ဧရိယာအားဖြင့် ဟက်တာ ငါးသိန်းကျော်ခန့်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် Global Forest Resource Assessment ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှုသည် ကမ္ဘာ့တတိယအမြင့်ဆုံး နိုင်ငံဖြစ်ကြောင်း သိရပြီး သစ်တောများပြန်လည်ထိန်းသိန်းရေးနှင့် ပြန်လည်စိုက်ပျိုးရေးလုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ရန် ညွှန်ပြလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းသည့် ဧရိယာဧက ၁၈၉၃၀ဝ၈ ရှိပြီး တိုင်းဒေသကြီး၏ အကျယ်အဝန်းအရ ၄၇ ဒသမ ဝ၄ ရာခိုင်နှုန်းဖြစ်သည်။ ကြိုးဝိုင်းတော ၁၆၁ ခု၊ ကြိုးပြင်ကာကွယ်တော ၁၀၅ ခု၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ငါးခု စုစုပေါင်းသစ်တောနယ်မြေ ဧကပေါင်း ၉၃၁၁၂၄၅ ဧကရှိသည်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လူဦးရေစုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသနေ ပြည်သူများဖြစ်ပြီး နေ့စဉ်လူမှုစီးပွားရေးအတွက် သစ်တောများကိုမှီခိုနေကြရသည်။
ထို့ပြင်အိမ်ထောင်စုပေါင်း ၁၀ သိန်းကျော်ရှိသည့်အနက် ၈၂ ရာခိုင်နှုန်းသည် လောင်စာ၊နေအိမ်အဆောက်အဦးတို့အတွက် သစ်တောများကိုမှီခိုနေကြရသည်ကို တွေ့ရှိရပြီး သစ်တောသယံဇာတများသည် တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသလို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့နည်း ပပျောက်ရေးအတွက်လည်း အထူးအရေးကြီးသည်ဖြစ်ရာ လက်ရှိမျိုးဆက်သစ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရုံသာမက နောင်အနာဂတ်မျိုးဆက်သစ်များ အတွက် သစ်တောသယံဇာတ လိုအပ်ချက်များကို စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးနိုင်ဖို့ သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်သွားဖို့လည်း လိုအပ်ကြောင်း သိရသည်။
ရေမြေတောတောင်ဝန်းကျင် ပြန်လည်ပြုစုပျိုးထောင်ရေး စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ရန်ပုံငွေ (GEF-Global Environment Facility)အဖွဲ့၏ အသိအမှတ်ပြုထားသည့် ကုသမဂ္ဂနိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော IUCN၊ FAO၊ UNEP-United Nations Environment Program)နှင့် အာဖရိကတိုက်နှင့် အာရှတိုက်မှ
နိုင်ငံပေါင်း ၁၀ နိုင်ငံပူးပေါင်း၍ ပျက်စီးပြုန်းတီးနေမှုနှင့် မြေအတန်းအစား ကျဆင်းနေမှုတို့အား ထိန်းချုပ်နိုင်ရန် ဆောင်ရွက်သော စီမံကိန်းတစ်ရပ်ဖြစ်သည်။
စီမံကိန်းသည် GEF ရန်ပုံငွေထောက်ပံ့မှုဖြင့် ရေမြေတောတောင်ဝန်းကျင် ပြန်လည်ပြုစုပျိုးထောင်ခြင်ဒဆိုင်ရာ အသိပညာဗဟုသုတများ တိုးတက်စေရန်နှင့် မူဝါဒ၊အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်းများနှင့် ငွေကြေးထောက်ပံ့မှု များတွင် ကြုံတွေ့နိုင်သော အခက်အခဲများအား ဖြေရှင်းနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


