ကန့်ဘလူမြို့တွင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကန့်ဘလူ ၁၉ ဒီဇင်ဘာ

 

ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ် အယူအဆများ ထက်မြက်လာစေရန်၊ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ စာပေနှင့်ရင်းနှီးပြီး စာဖတ်ခြင်းတွင် ပျော်မွေ့လာစေရန်နှင့် ကလေးများ၏ ပျော်ရွှင်မှုကို ဖန်တီးပေးရန် ရည်ရွယ်၍ ကလေးစာပေပွဲတော်ကို ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

2

 

ကလေးစာပေပွဲတော်တွင် စာအုပ်ပြပွဲနှင့် စာအုပ်အရောင်းပွဲ၊ ဉာဏ်ရည်ဉာဏ်သွေး ဖော်ထုတ်သည့် တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဂိမ်းကစားပွဲများ၊ ဖျော်ဖြေပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပြခန်းများ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆပ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ အစရှိသည့် ကလေးများနှင့်ပတ်သက်သည့် ပျော်ပွဲရွှင်ပွဲများကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပသွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော် ကျင်းပနေစဉ် ကာလအတွင်း စာပေဟောပြောပွဲ၊ ဆွေးနွေးပွဲများလည်း ကျင်းပမည်ဖြစ်ကာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

ဒီကလေးစာပေပွဲတော်ဟာ ကလေးများရဲ့ အသိပညာဗဟုသုတနဲ့ စိတ်ဓာတ်ခွန်အားတွေ ယဉ်ကျေးမှုတွေနဲ့ စာဖတ်တဲ့အလေ့အထတွေ ဖြစ်ပေါ်လာစေဖို့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာမယ်ဆိုတာ ယုံကြည်ပါတယ်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မိုးခက်က ပြောပြသည်။

 

ကလေးစာပေပွဲတော်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ကန့်ဘလူမြို့ရှိ လူစည်ကားရာနေရာများတွင် ကလေးစာပေပွဲတော်အကြောင်း လှုံဆော်ရေးမြေစိုက်ပိုစတာများ၊ လမ်းဖြတ်ပိုစတာများ စိုက်ထူထားသည်။

 

ကန့်ဘလူမြို့ ကလေးစာပေပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ ပညာရေးဦးစီးဌာန၊ မြို့မိမြို့ဖများ၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ် စီမံခန့်ခွဲမှုကော်မတီများ၊ သက်ဆိုင်ရာဆပ်ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲများကို အကြိမ်အကြိမ်အခါခါ ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားကြောင်း၊ ပွဲတော်ကျင်းပချိန် နီးကပ်လာသည်နှင့်အမျှ ပြည်သူများ၏ စိတ်ပါဝင်စားမှုလည်း လိုက်ပါမြင့်တက်လာလျှက်ရှိကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)