ကန့်ဘလူမြို့နယ်တွင် တိရစ္ဆာန်ဈေး စတင်ဖွင့်လှစ်ရောင်းချ

ကန့်ဘလူ ၁၉ ဒီဇင်ဘာ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့အမှတ် ၅ ရပ်ကွက်ရှိ စည်ပင်သာယာပိုင်မြေ ဧက ၆ ဒသမ ၇၀ ကွင်းပြင်၌ ဒီဇင်ဘာလ ဒုတိယပတ်က တိရစ္ဆာန်ဈေး (ကျွဲ၊နွားဈေးပွဲ) ဖွင့်ပွဲကျင်းပခဲ့ကြောင်းသိရသည်။ 

အဆိုပါ တိရစ္ဆာန်ဈေး (ကျွဲ၊နွားဈေးပွဲ)သို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဆွေ၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိန်းလွင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် ကော်မတီဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျွဲ၊ နွား အရောင်းအဝယ် ပြုလုပ်သူများ တက်ရောက်ကြသည်။

ယခုလို ကျွဲ၊ နွား ရောင်းပွဲဈေး ဖွင့်လှစ်ရောင်းချခြင်းကြောင့် ဒေသတွင်း လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ၊ စီးပွာရေးလုပ်ငန်းများ၊ ရန်ပုံငွေများ တိုးတက်ရရှိလာနိုင်မည်ဖြစ်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးတက် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း စည်ပင်ဥက္ကဌ ဦးတင့်လွင်က ပြောပြသည်။

 

a

 

အဆိုပါ ဈေးကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ (ငါးရက်) ပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်က စတင်ဖွင့်လှစ်ကာ ဒေသခံများ၊ အနီးဝန်းကျင်ကျေးရွာများမှ နွားအကောင်ရေ ၈၀ ကျော်ကို အရောင်းအဝယ် ပြုလုပ်ခဲ့ကြသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ်အတွက် ကန့်ဘလူ ကျွဲ၊နွားရောင်းပွဲဈေးလိုင်စင်ကို ဦးချစ်မင်းသူ (မြစ်ကြီးနား) က လေလံကြေးငွေကျပ် ၆၅ သိန်းဖြင့် လေလံဆွဲဝယ်ယူရရှိခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)