ကမမောင်းမြို့တွင် မုန်ညှင်းထုပ်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိသားစုဝင်ငွေပိုမိုရရှိ

ကမမောင်း ဒီဇင်ဘာ ၉

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသခံပြည်သူများအနေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သော သီးနှံထဲတွင် တစ်မျိုးအပါအ၀င်ဖြစ်သည့် မုန်ညှင်းထုပ်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရသည်။

 

မုန်ညှင်းထုပ်များကို ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုတွင် ပိုမိုစိုက်ပျိုးကြသည်။ မုန်ညင်းထုပ်သည် ဂေါ်ဖီမျိုးရင်းထဲပါ၀င်ပြီး အေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ပုံသဏ္ဌာန်အားဖြင့် မုန်ညင်းထုပ် အရှည်မျိုးနှင့် အပုမျိုးရှိကာ သက်တမ်းအားဖြင့် သက်ရင့်မျိုး၊ သက်လတ်မျိုးနှင့် သက်ကြီးမျိုးဟူ၍ (၃)မျိုးခွဲခြားနိုင်ပြီး မြေဆီသြဇာ ပြည့်စုံရန် နောက်ချေး၊ မြေဆွေးများများ ထည့်ပေးရန်လိုအပ်သည်။ အထူးသဖြင့် ရေမ၀ပ်သောမြေ ဖြစ်ရမည့်အပြင် ခြောက်သွေ့လွယ်သော မြေလည်းမဟုတ်ရပေ။ မြေရဲ့ အချဉ်ဓာတ်ကို အတော်အတန်ခံနိုင်ရည်ရှိပြီး pH (၅.၃) မှ (၆.၅) အထိ စိုက်ပျိုးနိုင်ကာ အအေးကြိုက်သော သီးနှံဖြစ်၍ အအေးဓာတ်ကို အတော်အတန် ခံနိုင်ရည်ရှိသည်။ တစ်နှစ်ပတ်လုံး မိုးရေချိန်သင့်တင့်စွာ ရွာသွန်းသော ဒေသတို့တွင် မုန်ညင်းထုပ်ကို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။

 

မုန်ညင်းထုပ်ကို ပျိုးမထောင်ဘဲ၊ မျိုးစေ့မှ တိုက်ရိုက်စိုက်ပျိုးခြင်းက ကောင်းမွန်သဖြင့် မျိုးစေ့ (၁၀)စေ့ခန့်ချ၍ မြေကြီးပါးပါးဖုံးပြီး စိုက်ရမည်။ သက်လတ်အတန်အကွာအဝေး (၂)ပေ၊ အပင်အကွာအဝေး (၁)ပေခွဲ၊ သက်ကြီးမျိုး အတန်းအကွာအဝေး (၂)ပေခွဲ၊ အပင်အကွာအဝေး (၁.၈) ပေ၊ သက်လက်မျိုးရဲ့ အပင်အကွာအဝေးမှာ သက်ကြီးနှင့် သက်လတ်ကြားတွင် စိုက်ပျိုးနိုင်သည်။ စိုက်ပြီး (၂၅)ရက်အကြာတွင် ပေါင်းလိုက်မြေဆွပေးခြင်း၊ မုန်ညင်းထုပ်များ ကျစ်၍မာလာလျှင် စတင်ရိတ်သိမ်းရမည်။ ကြာမြင့်စွာစိုက်ခင်းတွင် ဆက်လက်ထားရှိက အထုပ်ကွဲလာခြင်း၊ ပုပ်သွားခြင်းဖြစ်စေသဖြင့် မုန်ညင်းထုပ် အကာအကွယ်ရစေရန်အတွက် အောက်ဆုံးအရွက် (၃)ရွက်ချန်ထား၍ ခူးဆွတ်ရမည်။ တစ်ဧကလျှင် ၅၀၀၀/၇၀၀၀ ပိဿာထွက်ရှိပြီး တစ်စည်းလျှင် ၂၀၀ ကျပ်နှုန်း ပြန်လည်ရောင်းချသဖြင့် မိသားစုအပို၀င်ငွေရရှိကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)