ကမ္ဘောဒီးယားနိုင်ငံ၌ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး ဆောင်ရွက်မည်

 

ဖနောင်ပင် အောက်တိုဘာ ၂၅

 

ကမ္ဘောဒီးယားနိုင်ငံ၌ တောရိုင်းတိရစ္ဆာန်များအား တရားမဝင် ရောင်းဝယ်ဖောက်ကားနေခြင်းများကို အဆုံးသတ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

တောရိုင်းတိရစ္ဆာန်များကို စားသောက်ခြင်းမှတစ်ဆင့် တောရိုင်းတိရစ္ဆာန်မှ လူသားများသို့ ရောဂါများ ကူးစက်လာနိုင်သဖြင့် လူသားများ၏ ကျန်းမာရေးကို ထိခိုက်လာစေပြီး တောရိုင်းတိရစ္ဆာန်များ လျော့ပါးလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေနိုင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး နတ်ဖီကေထရာက ပြောကြားသည်။ လူသားများအနေဖြင့် တောရိုင်းတိရစ္ဆာန်များအား စားသောက်ခြင်းဖြင့် ကျန်းမာရေး ကောင်းစေသည်ဟူသည့် မှားယွင်းသည့်အယူအဆကို ကိုင်စွဲထားကြသဖြင့် တောရိုင်းတိရစ္ဆာန်များအား သတ်ဖြတ်စားသောက်၍ ထောင်ချောက်ဆင် ဖမ်းဆီးခြင်းနှင့် တောရိုင်းတိရစ္ဆာန်များ၏ ခန္ဒာကိုယ် အစိတ်အပိုင်းများအား ရောင်းချခြင်းတို့ကို တရားမဝင်ဆောင်ရွက်မှု မြင့်တက်လာကြောင်း မွန်ဒယ်ကီရီပြည်နယ်၌ ကျင်းပသည့် တောရိုင်းတိရစ္ဆာန်အသားစားသောက်မှု သုညအဆင့်ရောက်ရှိ ရေးလှုပ်ရှားမှုဆောင်ရွက်သည့် အခမ်းအနား၌ ၎င်းက ပြောကြားသည်။

 

လက်ရှိအချိန်တွင် တောရိုင်းတိရစ္ဆာန်အသားစားသောက်သူများနှင့် ၎င်းအသားများကို ရောင်းချနေကြသည့် ကုန်သည်များအနေဖြင့် အပြုသဘောဆောင်ပြီး တောရိုင်းတိရစ္ဆာန်များအား စားသောက်ခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်းမှ ရပ်တန့်ကာ နိုင်ငံ၏ဂေဟစနစ်၊ သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

မိမိတို့အနေဖြင့် တောရိုင်းတိရစ္ဆာန်များမှတစ်ဆင့် ကူးစက်နိုင်သည့်ရောဂါများမှ ကာကွယ်ရေးအတွက် တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ရောင်းဝယ်ခြင်း နှင့် တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်ပိုင်းများ အားသတ်ဖြတ်၌ တရားမဝင်သုံးစွဲခြင်းမှ ရှောင်ရှား ရမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေး ဝန်ကြီးဌာန ကူးစက်ရောဂါထိန်းချုပ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ရီဆန်ဒိုယမ်က ပြောကြားသည်။

 

ကိုးကား - စီဂျီတီအင်န်၊

ဘာသာပြန် - စိုးသူရ