ကမ္ဘောဒီးယားနိုင်ငံ၌ တစ်ရက်အတွင်း ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ မရှိ

ဖနောင်ပင် မေ ၈

 

ကမ္ဘောဒီးယားနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ မရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ယနေ့ ပြောကြားသည်။

 

ယင်းသို့ နေ့စဉ်ကူးစက်ခံရသူ တစ်ယောက်မှ မတွေ့ရှိခြင်းသည် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင်သော ပြီးခဲ့သည့်လ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

 

ရောဂါကူးစက်ခံရသူ မတွေ့ရှိခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်အတွက် ကြီးမားသော အောင်မြင်မှု ရလဒ်ဖြစ်ကြောင်းနှင့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ကြသည့် ကျန်းမာရေးဝန်ထမ်းနှင့် စည်းမျဉ်းများကို တိကျစွာလိုက်နာကြသည့် ပြည်သူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ရေဒီယိုမှတစ်ဆင့် ပြောကြားသည်။

 

က်ရှိတွင် ပိုးတွေ့ဆဲလူနာ ၂၉ ဦးရှိသည့်အတွက် ကမ္ဘောဒီးယားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကင်းစင်သည့် နိုင်ငံအသွင်သို့ မရောက်ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်၏ အောင်မြင်မှုကို ရရှိပြီးဖြစ်ကြောင်းနှင့် ရောဂါကူးစက်မှုမရှိစေရန် ပြည်သူများအနေဖြင့် ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ဆိုသည်။

 

ထို့ပြင် ကာကွယ်ဆေးလှူဒါန်းသည့် နိုင်ငံများကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ်ကြောင့် နိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ပါကြောင်း ဟွန်ဆန်က ပြောသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဖြစ်သည့် Sinovac နှင့် Sinopharm တို့ကို အသုံးပြုလျက်ရှိ ကြောင်း သိရသည်။

 

လက်ရှိတွင် ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီးသူပေါင်း ၁၅ သန်းနီးပါး (လူဦးရေ၏ ၉၃ ဒသမ ၇ ရာခိုင်နှုန်း) ရှိပြီဖြစ်သည်။ ယင်းတို့အနက် ၁၄ ဒသမ ၂၂ သန်း (လူဦးရေ၏ ၈၉ ရာခိုင်နှုန်း)သည် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးကြောင်း သိရသည်။

 

လက်ရှိတွင် ရောဂါကူးစက်ခံရသူပေါင်း  ၁၃၆၂၆၂ ဦး ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံး သူပေါင်း ၃၀၅၆ ဦးရှိသည်။ ရောဂါမှ ပြန်လည်ကျန်းမာလာ သူပေါင်း ၁၃၃၁၇၇ ဦးရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

 ဘာသာပြန် - အောင်ကျော်ကျော်