ကလိန်အောင် ၉ ဩဂုတ် 


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ “သက်ငယ်မုဒိမ်းပပျောက်ရေး ပူးပေါင်းကာကွယ်တားဆီးပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို  ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပ ခဲ့သည်။


ရှေးဦးစွာ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ယနေ့ခေတ် ကလေးငယ်များ ကြုံတွေ့နေရသော ကလေးအကြမ်းဖက်မှုများနှင့် ပတ်သက်၍ မိမိပတ်ဝန်းကျင်ရှိ ကလေးများ အန္တရာယ်ကင်းရှင်းစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်စေရန်နှင့် မိဘများ၊ ယနေ့ခေတ် လူငယ်များ၊ ကလေးငယ်များအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်၊ ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍ ယခုလို "သက်ငယ်မုဒိမ်းပပျောက်ရေး ပူးပေါင်းကာကွယ်တားဆီးပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ကလိန်အောင်မြို့ Youth Club လူငယ်အသင်းမှ ဦးရန်နိုင်ထွေးက ကလေးသူငယ် လိင်အကြမ်းဖက်မှုတွေကို ဘယ်လိုကာကွယ်မလဲ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးချမ်းမြေ့အောင် က "အကာအကွယ်မဲ့နေတဲ့ဘဝတွေ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်စိမ့်စန္ဒာဝင်းထွန်းက "သမီးတွေကိုပြောပြပေးပါ"ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်နှင့် ဝန်ထမ်းများ၊ ကလိန်အောင်မြို့ (Youth Club) လူငယ်အသင်းမှ အဖွဲ့ဝင်များနှင့် စာပေ ချစ်မြတ်နိုးသူလူငယ်များ တက်ရောက်ကြကြောင်း ကလိန်အောင်-ပြန် /ဆက်မှ သိရသည်။


MDN