ကလေး၊ ၁၃ ဇန်နဝါရီ
စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ၃ ခုနှင့် ကုန်ထုတ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ၁၃ ခုတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကလေးမြို့နယ်၊ ကြံသာကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သော လမင်းပြည့်ကုမ္ပဏီမှ ဆောင်ရွက်မည့် အရှည် ၂ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကြံသာကျေးရွာ အနောက်ဘက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း (၂)ခုနှင့် စက္ကန့်ကျေးရွာတွင် အရှည် ၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ စက္ကန့်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း (၉)ခုတို့ကို လည်းကောင်း၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် ရွှေဟိန်းသူကုမ္ပဏီမှ ဆောင်ရွက်မည့် အရှည် ၁ မိုင် ၁ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ထိုမာကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း (၂)ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ ခရိုင်ကျေးလက်ဦးစီးမှူး (ဒုတိယညွှန်ကြားရေးမှူး) ဒေါ်ဥမ္မာရှိန်၊ မြို့နယ်ကျေးလက်ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးငူလ်ဆွင်းခိုင်နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံများ၊ လမ်းကော်မတီများ၊ မြေယာ လှူဒါန်းသည့် တောင်သူများ၊ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများကို ဇန်နဝါရီ ၁၂ ရက်က တွေ့ဆုံကာ လုပ်ငန်းများနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း၊ လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း ကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
ဇော်မင်းဌေး


