ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ နှစ်ဦးတွေ့ရှိ

ကလေး၊  ၂၀  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဇန်နဝါရီ ၁၉ ရက်က ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုးသဖြင့် လာရောက်ပြသသူများ၏ ဓာတ်ခွဲနမူနာများအား Test Kit ဖြင့် စစ်ဆေးရာ တစ်ဦးတွင် လည်းကောင်း၊ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ စစ်ဆေးရေးဂိတ်တွင် ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား  Test Kit ဖြင့် စစ်ဆေးရာ တစ်ဦးတွင် လည်းကောင်း ကိုဗစ်-၁၉ ရောဂါ Positive အဖြေ ထွက်ရှိကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာများမှာ ကလေးမြို့ ပင်လုံရပ်ကွက် နယ်မြေ(၁)နေ အမျိုးသား တစ်ဦး၊ တာဟန်းရပ်ကွက် နယ်မြေ(၅)နေ အမျိုးသားတစ်ဦးတို့ဖြစ်ကြပြီး ပြည်သူ့အငှားအိမ်ရာ အိတ်စွပ်ရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူစေလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ ၅၈ ဦး ကျန်ရှိနေပြီး တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အငှားအိမ်ရာ အိတ်စွပ်ရှိ အထူးကြပ်မတ် ကုသဆောင်တွင်  ဆေးကုသမှု ခံယူလျက်ရှိကြောင်း  သိရသည်။

ထန်းဖုန်(ပြန်/ဆက်)