ကလော စက်တင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဓနုကိုယ်ပိုင်ခွင့်ရဒေသနှင့် ကလောခရိုင်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦး‎ရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ကလောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိက သဘောတရာများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချမှာဖြစ်ပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဋိအမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြစ် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ကလောခရိုင်လက်အောက်ရှိ ကလော၊ ညောင်ရွှေမှ သင်တန်းသား၊ သင်တန်းသူများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပင်းတယနှင့် ရွာငံဒေသမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းသား (၃၀)ကို နည်းပြဆရာ၊ ဆရာမ (၆)ဦးတို့ဖြင့် သင်တန်းကာလ (၁၀)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)