ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့၌ ရေဝင်ရောက်လာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၊ တရားရုံးများရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်

မြစ်ကြီးနား မေ ၃၀

 

ကချင်ပြည်နယ် ပူတာအိုခရိုင်နှင့် ချီဖွေခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် ယနေ့ နံနက်အစောပိုင်းတွင် အမြင့်ဆုံး (၁၀၃၁)စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြို့ပေါ် မြေနိမ့်သည့် ရပ်ကွက်များတွင် ရေဝင်ရောက်မှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့သစ်ကြီးရပ်ကွက်အတွင်း မြို့၏ ပင်မရေနုတ်မြောင်း တစ်ခုဖြစ်သည့် အမှတ်(၅)မြောင်းအတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လာသည့် အခြေအနေများနှင့် အဆိုပါရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှု အခြေအနေများကို လည်းကောင်း၊ ထိုမှတစ်ဆင့် ကြက်ပေါင်ခြံရပ်ကွက်၊ နယ်မြေ(၃)အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်နေမှု အခြေအနေများနှင့် လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်စဉ်များကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေဝင်ရောက်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး စုဖွဲ့ရောက်ရှိနေကြသည့် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်များအား ထောက်ပံ့ချီးမြှင့်ငွေများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လယ်ကုန်းရပ်ကွက် နယ်မြေ(၁၄)အတွင်း မြစ်ရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ် မြစ်ရေဝင်ရောက်လေ့ရှိသည့် နေရာများမှ လူနေအိမ်များ ရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရေး ပင်မမြောင်းကြီးများနှင့် ချောင်းငယ်များအား ပိတ်ဆို့မှုမရှိစေရေး၊ ကျူးကျော်ခြံခတ်နေထိုင်မှု မရှိစေရေး၊ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်တရားလွှတ်တော်ရုံးသို့ သွားရောက်ပြီး တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ မြစ်ကြီးနားခရိုင်နှင့် မြို့နယ်တရားရုံးများရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်တရားသူကြီး ဦးတူးမော်၊ ပြည်နယ်တရားရေးဦးစီးမှူးတို့က အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)