မြစ်ကြီးနား    ဇူလိုင် ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်း များပြား လာသည်နှင့်အမျှ ပိုးတွေ့အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိနိုင်ရေးတို့အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း တိုးချဲ့လူနာ ဆောင်များ ထပ်တိုးပြင်ဆင်ဆောင်ရွက်နိုင်ရေး ဇူလိုင် ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများအား (၄)ထပ်ဆောင်သစ်နှင့် နား၊ နှာခေါင်း၊ လည်ချောင်း လူနာများ ကုသရေးအဆောင်တို့တွင် စောင့်ကြည့်၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေတို့သည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိနိုင်ရန်အတွက် အမျိုး သားဖျားနာဆောင်နှင့် အထူးကြပ်မတ်ဆောင်တို့တွင် ထပ်တိုးလူနာအဆောင်များအဖြစ် ပြင်ဆင်‌ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ယင်းနောက် ကိုဗစ်-၁၉ အတည်ပြုလူနာများကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူ့ဆေးရုံအတွင်းရှိ အောက်ဆီဂျင်ဖြန့်ဝေရေးဌာနအဆောက်အဦအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အောက်ဆီဂျင်ထုတ်လွှင့်ပေး နိုင်မှုအခြေအနေနှင့် အောက်ဆီဂျင်လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည့် အောက်ဆီဂျင်အိုးအရေအတွက် နှင့်ဆက်စပ်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေးတို့အပြင် တိုးချဲ့လူနာအဆောင်များအတွင်း ပြုပြင်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် အောက်ဆီဂျင် စက်များ တိုးချဲ့တပ်ဆင်ပေးနိုင်ရေးတို့ကို  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း ဆေးရုံကြီးပင်မဆောင်၊ (၄)ထပ်လူနာဆောင်နှင့် မူးယစ်ဆေးရုံတို့တွင် ယနေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၇ ဦးတို့အား ကုသမှုပေးလျက်ရှိပြီး သားဖွားသင်သန်းကျောင်းနှင့် သူနာပြုသင်တန်းကျောင်းတို့တွင်လည်း ကိုဗစ်အတည်ပြုလူနာများ ၇၇ ဦးတို့အား သီးသန့်ထားစောင့်ကြည့်လျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ပြည်နယ်ပြန်/ဆက်