ရန်ကုန် ၄ မတ်
ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားလျက်ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ်မှ COVID-19 ရောဂါဖြစ်ပွားမှုများ မြန်မာနိုင်ငံတွင် မဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်းကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)မှ ဦးဆောင်ပြီး ယမ်းအာမခံကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုကို မတ် ၄ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့တွင်ဖွဲ့စည်းပြီး ၂၂ မြို့နယ်တွင် တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြသည်။
ကျောက်တံတားမြို့နယ် မြို့တော်ခန်းမဘေး ဆူးလေဘုရားလမ်းရှိ YBS မှတ်တိုင်အနီးတွင် လည်းကောင်း၊ ကမာရွတ်မြို့နယ် လှည်းတန်းစင်တာတွင် လည်းကောင်း၊ ဗဟန်းမြို့နယ် မြန်မာပလာဇာတွင် လည်းကောင်း ရောဂါကာကွယ်ရေးအတွက် သိကောင်းစရာများကို ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း အလုပ်အမှုဆောင်များက ဟောပြောကြပြီး နှာခေါင်းစည်းများကို ဝေငှ၍ စနစ်တကျ တပ်ဆင်ရန် သရုပ်ပြသပေးခဲ့ကြသည်။ ထို့ပြင် တစ်ဦးချင်းစီ လိုက်နာဆောင်ရွက်ကြရမည့် ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကိုလည်း ယမ်းအာမခံဝန်ထမ်းများနှင့်အတူ ဝေငှခဲ့ကြသည်။
သျှင်ဝင်းသျှင်


