ရန်ကုန် ၄ စက်တင်ဘာ 

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း၏ ဇနီး မစ္စစ်ကင်မ်ဂျောင်းဆုသည်ယနေ့ မွန်းလွဲ(၂)နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ သွားရောက်ပြီး ကိုရီးယားဘာသာသင်တန်း တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံသည်။

 

062

 

ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း၏ ဇနီး မစ္စစ်ကင်မ်ဂျောင်းဆုနှင့် အဖွဲ့ဝင်များအား  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၏ဇနီး ဒေါ်ခိုင်နွယ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ခင်မိမိကြွယ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေဝင်းဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

0081

 

ရှေးဦးစွာကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း၏ ဇနီး မစ္စစ်ကင်မ်ဂျောင်းဆုသည် ကိုရီးယားဘာသာသင်တန်း တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများ၏ ပြိုင်ပွဲဝင်ပိုစတာများအား ကြည့်ရှုအားပေးသည်။

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း၏ ဇနီး မစ္စစ်ကင်မ်ဂျောင်းဆုသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်း LRC Hall ရှိ Multimedia Lecture Room တွင် ကိုရီးယားဘာသာသင်တန်း တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကိုရီးယားမေဂျာဖြင့် ကျောင်းပြီးခဲ့သည့် ဦးအောင်ကိုကိုလတ်၊ မြန်မာစာဘွဲ့ရကျောင်းသား Mr. Jang Young Sung နှင့်  ကိုရီးယားဘာသာသင်တန်း တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများက မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ဘာသာရပ်ဆိုင်ရာသင်ကြား သင်ယူမှုအတွေ့အကြုံများကို ရှင်းလင်းပြောကြားကြသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကိုရီးယားဘာသာဌာနတွင်  ဝိဇ္ဇာ၊ မဟာဝိဇ္ဇာ၊ မဟာဝိဇ္ဇာအရည်အချင်းစစ်၊ ဒီပလိုမာသင်တန်းများ၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူ  ၅၀ဝ နီးပါး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်