ကျိုင်းတောင်း ဇူလိုင် ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ဇူလိုင် ၂၇ ရက် ညနေပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံနှိုးဆော် အသိပေးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူအများသွားလာရာ လမ်းဆုံများ၊ ရပ်ကွက်လမ်းများ၊ ဈေးရှေ့ ၏နေရာများသို့ သွားရောက်လှည့်လည်၍ မိဘပြည်သူများ အတတ်နိုင်ဆုံး မိမိနေအိမ်အတွင်း၌ သာနေထိုင်ကြရန်၊ မဖြစ်မနေ ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်စေရေး၊ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေခွာ၍ နေထိုင်ရန်၊ လူစုလူဝေးများရှောင်ရှားရန်၊ လက်ကို ဆပ်ပြာနှင့် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်၊ တားဆီး၊ ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး လိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်ပေးကြရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)


