ကျိုက်မရော နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ ကျက်သရေဆောင် သမိုင်းဝင်တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၌ (၁၉)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားဝင်းအတွင်းရှိ ရက်ကန်းစင်မဏ္ဍပ်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ (၁၉)ကြိမ်မြောက် မသိုးသင်္ကန်း ရက်ခတ်ပူဇော်ပွဲကို ဘုရားကြီးကျောင်းတိုက် ဆရာတော်မှ ဦးဆောင်ကာ ဒါယိကာ၊ ဒါယိကာမများက ရက်လုပ်ပူဇော်ခြင်းဖြစ်သည်။ မသိုးသင်္ကန်း ရက်လုပ်ပူဇော်နိုင်ရန် ရက်ကန်းစင်လေးခု တည်ဆောက်ထားပြီး မန္တလေးတိုင်းမှ ရက်ကန်းအဖွဲ့ ငါးဖွဲ့က လာရောက်ပူဇော် ရက်လုပ်ပေးကြသည်။
ရက်လုပ်ပြီးသော မသိုးသင်္ကန်းများကို နိုဝင်ဘာ ၁၈ ရက် နံနက် ၅ နာရီ၌ ဆုတောင်းပြည့် ဘုရားကြီးနှင့် အရန်စေတီများ၌ စေတနာရှင် အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)


