ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်နေသော ကုန်သွယ်မှုနှင့်  စီးပွားရေး အခြေအနေများ ကုစားရေးနှင့် ပြန်လည်တုံ့ပြန်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ 

နေပြည်တော်   ၁၁ မေ

 

Coronavirus Disease 2019 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ၊ COVID-19 Economic Relief Plan (CERP) နှင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်နေသည့် ကုန်သွယ်မှုအခြေအနေများ၊ ကိုဗစ်-၁၉ အလွန်ကာလ ကုန်သွယ်မှုနှင့် စီးပွားရေး ပြန်လည်တုံ့ပြန်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူး အဆင့်အထက် အရာထမ်းများအား တွေ့ဆုံမှာကြားသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍစုံတွင် ထိခိုက်မှုများ လျော့ပါးသက်သာစေရေးနှင့် ပြန်လည်တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံတော်မှ ဖွဲ့စည်းထားသည့် ကော်မတီအသီးသီး၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ အလွန်ကာလတွင် နိုင်ငံတော်မှ ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းကာ အဆိုပါ လုပ်ငန်းစဉ်များတွင် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်သွားရမည့် အခြေအနေများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အကူအညီ ထောက်ပံ့ပေးသွားမည့် အခြေအနေများနှင့် အဆိုပါအထောက် အပံ့များအား ထိရောက်စွာ အသုံးချသွားနိုင်ရေးအတွက် စီမံကိန်းများပြုစုတင်ပြသွားရေး၊ အိမ်နီးချင်းနိုင်ငံများ သာမက နိုင်ငံတကာ စျေးကွက်သို့ မိမိတို့၏ထုတ်ကုန်များ စျေးကွက်ဝင်ရောက်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများအား ပြုစုတင်ပြ သွားရေးတို့ကို မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက ကိုဗစ်-၁၉  Economic Relief Plan (CERP) တွင် ပါဝင်သည့် လုပ်ငန်းစဉ်များအနက် မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေး (Trade Facilitation) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး (E-Commerce) စနစ် ပီပီပြင်ပြင် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်သွားရန်နှင့်  စားသောက်ကုန်နှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍတို့တွင် ပြည်တွင်းစွမ်းအားစုများ ထူထောင်ပြီး ထုတ်လုပ်မှုစွမ်းရည် မြင့်မားလာစေရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက် သွားရန်တို့ကို မှာကြားသည်။

 

တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်