ကျီခါး ၂၈ စက်တင်ဘာ
ချင်းပြည်နယ် ကျီခါးတိုက်နယ်ဆေးရုံအတွက် Ultrasound project Committee မှ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါဆေးရုံခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဓမ္မဆရာ ဦးခမ်ရှင်းခိုင်မှ အဖွင့်ဆုတောင်းမေတ္တာပို့သပြီး သိက္ခာတော်ရ ဆရာတော်ဦးပေါင်လျန်ခုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ Ultrasound Project Committee ဥက္ကဋ္ဌ ဦးဒမ်ဆွန့်မွမ်းနှင့် ဒု-ဥက္ကဋ္ဌ ဦးသွင်းလျန်းထန်တို့က ဆေးရုံသုံးပစ္စည်း(၁၉) မျိုးကို ဆေးရုံအတွက် လည်းကောင်း၊ ဆေးရုံသုံးပစ္စည်းများဝယ်ယူရန် ငွေကျပ်တစ်သိန်းနှင့်အထက်လှူဒါန်းသော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံကြသည်။
ထို့နောက် Ultrasound Project Committee မှ ဘဏ္ဍာထိန်းဦးဒို့လန့်မုန်မှ ငွေစာရင်းရှင်းတမ်းအား ရှင်းလင်းဖတ်ကြားပြီး ကျီခါးဆေးရုံတာဝန်ခံ ဒေါက်တာထန်ဆန်းက ကျေးဇူတင်စကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျီခါး(ပြန်/ဆက်)


