မုံရွာ  ၂၈   စက်တင်ဘာ 

၂၀၁၉-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)နှင့် Myanmar Fitness Dance ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ေ

 


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်စား တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက “အားကစားလှုပ်ရှားမှုမှာ အားကစား တစ်ဦးချင်းကို ကိုယ်ကာယ ကြံ့ခိုင် သန်စွမ်းမှု၊ ခန္ဓာကိုယ် စနစ်တကျ ထိန်းချုပ်လှုပ်ရှားနိုင်မှု၊ အားအင်ပြည့်ဖြိုးပြီး ကျန်းမာကြံ့ခိုင်စေမှုစတဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများအပြင် မိမိရဲ့ ပြိုင်ဘက်ကို တရားသော ယှဉ်ပြိုင်မှုနှင့် အောင်မြင် အနိုင်ယူတတ်တဲ့ စိတ်ဓာတ်နှင့် စည်းကမ်း စနစ်ဘောင်အတွင်းက စနစ်တကျ လေ့ကျင့်ပြုစု ပျိုးထောင်လိုတဲ့ စိတ်ဓာတ်ကောင်းတွေစတဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ ဖြစ်ထွန်းစေပါကြောင်း၊ ဒါကြောင့် အမျိုးသားကြံ့ခိုင်ရေးနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရဟာ နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်းကို မြင့်မားတိုးတက်စေဖို့ အမျိုးသားလှုပ်ရှားမှု တစ်ရပ်အဖြစ် အားပေးဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ခရိုင်အသီးသီးမှ ကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ပဲ ခရိုင်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမား ပေါ်ထွက်လာစေရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ ယဉ်ကျေးမှု၊ စည်းကမ်း ရိုသေလိုက်နာမှု စသည့် အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ထုတ်ဖော်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယဉ်ပြိုင် သွားကြပါလို့ လေးလေးနက်နက် တိုက်တွန်း“အမှာစကားပြောကြားပြီး ၂၀၁၉-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)နှင့် Myanmar Fitness Dance ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အားကစားသမား များအား လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများ၏ သရုပ်ပြသ ယှဉ်ပြိုင်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ယင်းမာပင်၊ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ခန္တီး စသည့်ခရိုင်ကိုယ်စားပြု အားကစားသမားများမှ အေရိုးဗစ်ပြိုင်ပွဲတွင် (၉)ယောက်တွဲ (အကြီးတန်း)ပြိုင်ပွဲ၊ (၉)ယောက်တွဲ(အငယ်တန်း)ပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် တစ်ဦးချင်းစိတ်ကြိုက ်ပြိုင်ပွဲကိုလည်းကောင်း၊  Myanmar Fitness Dance ပြိုင်ပွဲတွင်လည်း ခရိုင်ပေါင်းစုံအသီးသီး ပါဝင်ယှဉ်ပြိုင်ခြင်းများကို စက်တင်ဘာ ၂၈ ရက်နေ့မှစတင်ကာ စက်တင်ဘာ ၃၀ ရက်နေ့အထိ (၃)ရက်ကြာကျင်းပပြုလုပ်ပေးမည်ဖြစ်ကာ ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရ ခရိုင်ကိုယ်စားပြုအားကစားသမားများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင် များနှင့် လုပ်ငန်းကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ ဆရာများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)