မင်းတုန်း ၆ စက်တင်ဘာ
မင်းတုန်းမြို့၊ မင်းတုန်းချောင်းဘေး ထန်းပင်ကုန်းကူတို့ဆိပ်နှင့် ပေါက်ကိုင်းကူးတို့ဆိပ်များရှိ ခရီးသည်ပို့ဆောင်ရေး စက်လှေများတွင် ခရီးသွား ပြည်သူများအတွက် အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေခြင်း ရှိမရှိကို စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မင်းတုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။
စက်လှေများတွင် သတ်မှတ်ခရီးသည် အရေအတွက်အတိုင်း တင်ဆောင်ခြင်း ၊ အသက်ကယ်အင်္ကျီ၀တ်ဆင်ခြင်း ရှိ၊မရှိ နှင့် ဘောကွင်းများ၊ ထိုးဝါးများ၊ စက်လှေယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် ရှိ၊မရှိ အခြေအနေများကို တိုင်းလွှတ် တော် ကိုယ်စားလှယ် ဦးအေးလှိုင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ကော်မတီဝင်များ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ဖြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ တစ်လကျော်က ပေါက်ကိုင်းကူးတို့က စက်လှေတစ်စီးဟာ တင်နိုင်တဲ့ဝန်အားထက် ပိုပြီးတင်တယ်။ စက်လှေနစ်ပြီး ကျောင်းသူ ၄ ဦးဆုံးသွားတယ်။ အဲဒါကြောင့် တိုင်းအစိုးရနဲ့ တိုင်းစည်ပင်က ညွှန်ကြားချက်တွေအတိုင်း စက်လှေ တွေဟာ နိုင်တဲ့ဝန်အားပဲတင်ရမယ်။ စက်မောင်းတဲ့သူ အပါအဝင် ခရီးသည်အားလုံး အသက်ကယ်အင်္ကျီ ဝတ်ရမယ်။ ချည်ကြိုးတွေ၊ ဘောကွင်းတွေ၊ ထောက်ဝါးတွေပါရမယ် ဆိုတာကို အဖွဲ့စုံနဲ့ စစ်ဆေးမှုတွေ လုပ်နေရခြင်းဖြစ်ပါတယ်” ဟု မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ရှင်းပြသည်။
မကွေးတိုင်းဒေသကြီး ၊ မင်းတုန်းမြို့တွင် မင်းတုန်းချောင်း၊ အမှတ်(၂)ရပ်ကွက်၊ ရေချိုးဆိပ်မှ ထန်းပင်ကုန်း ကျေးရွာသို့ ပြေးဆွဲနေသည့် စက်လှေ(၁၁)စီး ၊ အမှတ်(၁)ရပ်ကွက်မှ ပေါက်ကိုင်းကျေးရွာသို့ ပြေးဆွဲနေသည့် စက်လှေ(၁)စီး ရှိပြီး စည်ပင်မှ လေလံကြေး ၃၄ သိန်းကျော်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မင်းတုန်း-ပေါက်ကိုင်းသွားလာသည့် စက်လှေတစ်စီးမှာ ရေလယ် အရောက်တွင် နစ်မြုပ်သွားခဲ့ပြီး လှေပေါ်ပါသူများအနက် ပေါက်ကိုင်းကျေးရွာမှ မင်းတုန်းအခြေခံပညာအထက်တန်းကျောင်းသို့ ပညာလာရောက်သင်ကြားနေသည့် ၇ တန်းကျောင်းသူနှစ်ဦး၊ ၉ တန်းကျောင်းသူနှစ်ဦး ရေနစ်မြုပ်သေဆုံးခဲ့ဖူးကြောင်း သိရသည်။
ဇေယျတု(မကွေး)


