ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ သွားရောက်ခဲ့သည့် တရားဝင် ချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ‌‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူများက လှိုက်လှိုက်လှဲလှဲ၊ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ကြသည်။

 

မိမိတို့နိုင်ငံနှင့် အလှမ်းကွာဝေးလှသည့် ထိုနိုင်ငံတို့မှာ ရာသီဥတုအားဖြင့်လည်း ခြားနားလှသည်၊၊ အပူချိန် အနုတ် ၂ မှ အနုတ် ၁၂ ဒီဂရီစင်တီဂရိတ်အထိ အေးသည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံဆီသို့ အသွားအပြန် မိုင်ပေါင်းတစ်သောင်း ကျော်နှင်ခဲ့သည့် ဤခရီးသည် နိုင်ငံ‌တော်၏ အကျိုးစီးပွားအတွက် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ရလဒ်အားဖြင့်လည်း နိုင်ငံနှင့် ပြည်သူအတွက် အကျိုးကျေးဇူးကြီးမားခဲ့သည်။ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီး သွားရောက်နေစဉ်အတွင်း နေ့စဉ်မပြတ်ထုတ်လွှင့်ဖော်ပြခဲ့သည့် သတင်းများ အရလည်း နိုင်ငံတော် အကြီးအကဲဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့ နိုင်ငံ့အကျိုးစီးပွားကို ဦးတည်ကြိုးပမ်းဆောင်ရွက်မှုများကို မိမိတို့တွေ့မြင်သိရှိခဲ့ကြရသည်။

 

ဥပမာအားဖြင့် Roscosmos အာကာသကော်ပိုရေးရှင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Roscosmos ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံ ဆွေးနွေးရာတွင် အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စများ၊ မြန်မာနိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာကာသနည်းပညာ သင်တန်းများ တက်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ စသည်ဖြင့် အမြင်ချင်းဖလှယ် နိုင်ခဲ့သလို ဂြိုဟ်တုများကိုအသုံးပြု၍ သဘာဝဘေးအန္တရာယ်များ စောင့်ကြည့်နိုင်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး သုတေသနပြုဆောင်ရွက်နိုင်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုတို့ကိုလည်း သိရှိနိုင်ခဲ့ပြီး အာကာသ နည်းပညာဆိုင်ရာများကိုလည်း ဆွေးနွေးနိုင်ခဲ့ရာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝ ဘေးအန္တရာယ်‌ စောင့်ကြည့်ရေးတို့တွင်လည်းကောင်း ဂြိုဟ်တုနည်းပညာများ အသုံးပြုလာနိုင်သည့် အခြေအနေသို့ ရောက်ရှိလာနိုင်မည့် အခွင့်အလမ်းများ ရရှိခဲ့ခြင်းပင်ဖြစ်သည်။

 

ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်အကျိုးစီးပွားကို ဦးတည်၍ နေ့မအားညမနား တစိုက်မတ်မတ်‌ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသောကဏ္ဍအသီးသီးတို့တွင် ပါဝင်သည့် အခွင့်အလမ်းပေါင်းများစွာ ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိနိုင်ငံတော်အစိုးရသည် နိုင်ငံတွင် ဖြစ်ပေါ်လာသော အရေးပေါ်အခြေအနေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မဖြစ်မနေ ပြန်လည်သွားရောက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အစောဆုံး ယခုနှစ်ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်လည်းကောင်း၊ နောက်အကျဆုံးလာမည့်နှစ် ဇန်နဝါရီလ ဒုတိယပတ်တွင်လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကကမ္ဘာသိအတည်ပြု ထုတ်ဖော် ပြောကြားခဲ့ရာ နိုင်ငံအတွင်းရွေးကောက်ပွဲ ကျင်းပနိုင်သည့် လုံလောက်သော အခင်းအကျင်း တစ်ရပ် ဖြစ်ပေါ်လာစေရန် မိမိတို့အားလုံး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုသည်။

 

နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ ဖြစ်ပေါ်နေမည်ဆိုလျှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာ ကောင်းများစွာရှိနေသည့်အပြင် ပြည်တွင်းပြည်ပမှ အဖျက်အမှောင့် အနှောင့်အယှက်များကိုလည်း ကောင်းစွာကျော်လွှားသွားနိုင်မည် ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲနှင့်တကွ မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့ ရယူ ဆောင်ကြဉ်းလာနိုင်ခဲ့သည့် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးစီးပွားများနှင့် အခွင့်အလမ်းကောင်း များစွာတို့မှာ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ ပူးပေါင်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အသီးအပွင့်များ ဖြစ်ထွန်း ပေါ်ပေါက်လာပါမည့်အကြောင်း။

 

မြန်မာ့အလင်း