ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၂၉)ဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်   ၂၅  ဇူလိုင် 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဇူလိုင် ၂၄ ရက် ညနေ ၆ နာရီက(၂၁)ဉီးနှင့် ယနေ့ မွန်းလွဲ ၂ နာရီခွဲက (၈)ဉီး  စုစုပေါင်း နေရပ်ပြန်ပြည်သူ(၂၉)ဉီးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

 

အဆိုပါ  ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ (၂၉) ဉီးမှာ  အမျိုးသား(၉) ဉီး၊ အမျိုးသမီး(၂၀)တို့ ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှ(၂)ဉီး၊မြိုင်မြို့နယ်မှ(၂)ဉီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်မှ(၂)ဉီး၊  ကချင်ပြည်နယ်၊  မိုးကောင်းမြို့နယ်မှ(၁)ဉီးနှင့်  ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ  မြို့နယ်များမှ(၂၁)ဉီးတို့ဖြစ်ကြောင်း သိရသည်။

 

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား  စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၇၅၈၃)ဉီးနှင့် အမျိုးသမီး(၆၁၁၂)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၃၆၉၅)ဉီးတို့ကို လွှဲပြောင်း ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)