ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား တတိယနေ့မြောက် ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၁ ဦး ထပ်မံတွေ့ရှိ

ရိခေါ်ဒါရ် ၉ ဇွန်    


ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit) ဖြင့် တတိယနေ့စစ်ဆေးမှုကို ဇွန် ၉ ရက်၌ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၁ ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။


ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၆၀)ဦးအနက် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူ (၅၂)ဦးတို့နှင့် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ (၈)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် (၁၁)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူများအနက် တစ်ဦးအား ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိသူဖြစ်ပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်မရှိကြောင်း၊ ကျန်(၁၀)ဦးတို့အား မိမိတို့နေအိမ်အသီးသီး၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားကာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။


ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်းကို ဇွန်လ (၇)ရက်နေ့မှ (၉)ရက်နေ့အထိ (သုံးရက်အတွင်း) စစ်ဆေးမှုအရ ရောဂါစစ်ဆေးမှုခံယူသူ (၁၆၆)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၃၁)ဦးရှိကြောင်း၊ မြို့ပေါ်ရပ်ကွက် (၂)ခုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ရိခေါ်ဒါရ် (ပြန်/ဆက်)