ဟားခါး ၅ စက်တင်ဘာ 

ဂျပန်နိုင်ငံ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ADB တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ်ကူညီထောက်ပံ့မှုစီမံကိန်းမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ(၁၀)သန်းအနက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်းကို ဦးစားပေး၍ အမေရိကန်ဒေါ်လာ ၈.၉၉၆သန်းအထိ အသုံးပြုခဲ့ကြောင်း စက်တင်ဘာလ ၄ ရက်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အဆိုပါ စီမံကိန်း လုပ်ငန်းအတွေ့အကြုံရှင်းလင်းပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးကျော်စွာအောင်၏ ပြောကြားချက်အရ သိရှိရပါသည်။

 

mdn

 

၂၀၁၅ခုနှစ်၊ ဇူလိုင်လအတွင်းက ဖြစ်ပေါ်ခဲ့သော ကိုမန် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ချင်းပြည်နယ်အတွင်း မြေပြိုဘေးအန္တရာယ်နှင့်ကြုံတွေ့ခဲ့ရသဖြင့် အဆိုပါ သဘာဝဘေးကြောင့် ပျက်စီးသွားသော ကျေးလက်အခြေခံအဆောက်အအုံများ၊ လမ်းများပြန်လည်ထူထောင်နိုင်ရန်အတွက် ကျေးလက်ဦးစီးဌာနက ADBထံအကူအညီ တောင်းခံခဲ့ရာ ဂျပန်နိုင်ငံ၏ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ(Japan Fund for Poverty Reduction)မှ အမေရိကန်ဒေါ်လာ(၁၀)သန်းထောက်ပံ့ကူညီခဲ့သည်။ 

အဆိုပါထောက်ပံ့ငွေများမှ ကျေးလက်လမ်း၊ တံတားများပြုပြင်အဆင့်မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၈.၉၉၆သန်း၊ ကျေးလက်ရေပေးရေး၊ မီးလင်းရေးအတွက် ဝ.၃၉၈သန်းနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ဝ.၃၆၅သန်း စီမံခန့်ခွဲမှုအတွက် ဝ.၂၄၁သန်း သုံးစွဲခဲ့ကြောင်း စက်တင်ဘာ ၄ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ကျေးလက်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က ရှင်းလင်းပြောကြားသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ခုနှစ် အောက်တိုဘာလတွင် ပြီးဆုံးမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ် အတွင်းရှိ မြို့နယ်(၇)မြို့နယ်အတွက် အဓိကလမ်း(၇)လမ်း အရှည်မိုင် ၁၅၃ မိုင် ၂ ဖာလုံနှင့် ထပ်တိုးလမ်း ၅၈ လမ်းအရှည်မိုင် ၈၁၁ မိုင်ကို မျက်နှာပြင်တူးဖော်ပြုပြင်ခြင်း၊ ကွန်ကရစ် တံတားငယ်၊ ရေပြွန်များတည်ဆောက်ခြင်း၊ လမ်းဘေးရေမြောင်းတူးဖော်ခြင်း၊ တောင်စောင်း ကမ်းပါးယံများတွင် အပင်များ၊ မြက်များစိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ လုပ်ငန်းများရာနှုံးပြည့်ပြီးစီးပြီဖြစ်ပါကြောင်း သိရှိရသည်။

ကျေးလက်ရေပေးဝေရေး လုပ်ငန်းအနေဖြင့် ကျေးရွာပေါင်း(၄၇)ရွာ၏ ရေပေးရေး လုပ်ငန်းများပြုပြင်အဆင့်မြှင့်တင်ခြင်းနှင့် ကျေးရွာပေါင်း(၂၅)ရွာ မီးလင်းရေးလုပ်ငန်းများ ပြုပြင်မြှင့်တင်နိုင်ခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းတို့ကိုလည်း စီမံကိန်းကာလအတွင်း ကျေးရွာပေါင်း ၃၂၀ ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ်ကူညီထောက်ပံ့မှု စီမံကိန်းကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှု နှင့်အတူ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ စီမံကိန်းရေးဆွဲပြီး ချင်းပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတားများကောင်းမွန်ရေး၊ ရေရရှိရေး၊ မီးရရှိရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သဖြင့် ထိရောက်အောင်မြင်မှုများကို ရရှိပါကြောင်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပြီး အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးချုပ်မှ ညွှန်ကြားရေးမှူး၊ ဦးကျော်စွာအောင်နှင့်ဝန်ထမ်းများ၊ ADBမှကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

မြင့်နိုင်စိုး(ထီးလှိုင်မြေ)