ခေတ်သုံးခေတ်၌ စွဲကျန်ခဲ့သော ဖျော်ဖြေပွဲများ

မြန်မာ့အသံသိန်းဟန်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မကြာမီ (၇၅)နှစ် မြောက် စိန်ရတုနှစ်ပတ်လည်နေ့သို့ ရောက်ရှိလာပါတော့ မည်။

 

နေရာဒေသအသီးသီး၌ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့သော မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြား လုပ်ငန်းဌာနသည် ရန်ကုန်မြို့ ပြည်လမ်းနေရာဒေသမှသည် ယခုအခါ နေပြည်တော် (တပ်ကုန်း)သို့ ပြောင်းရွှေ့ အသံလွှင့်လျက်ရှိပေသည်။

 

ပြန်ကြားရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေမှုပေး ရန်ဟူသော (I.E.E) ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အတွက် ထုတ်လွှင့်ပေးလျက်ရှိသော မြန်မာ့အသံ၏ သက်တမ်းသည် လူတစ်ဦး၏ သက်တမ်းနှင့်ယှဉ်၍ တွက်စစ်မည် ဆိုပါက အသက်(၇၅)နှစ်ပြည့်တော့မည် ဖြစ်ပါသည်။

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ၂၀၀၆ ခုနှစ် နောက်ပိုင်း ဝင်ရောက်အမှုထမ်းကြသူများက မြန်မာ့ အသံ (၂၅)နှစ်ပြည့်ငွေရတု၊ နှစ်(၅၀) ပြည့် ရွှေရတုနှင့် နှစ် (၆ဝ) ပြည့် ဖျော်ဖြေပွဲအခမ်းအနားများနှင့် အထိမ်း အမှတ်စာစောင်၊ မဂ္ဂဇင်းများကို ထိတွေ့မြင်တွေ့ မြည်းစမ်းဖတ်ရှုခွင့် မကြုံခဲ့ကြပါ။

 

မြင်တွေ့၊ ဖတ်ရှုခွင့် ကြုံတွေ့ခွင့်ရကြသူ ဝန်ထမ်း ဟောင်းများလည်း ပြန်လည်မှတ်မိခံစားနိုင်စေရန် ထိုခေတ်ကာလများကို မမီလိုက်ကြသော ဝန်ထမ်းစာဖတ် ပရိသတ်များလည်း ဗဟုသုတပွား၊ ပျော်ရွှင်စေရန် ရည်သန်၍ မြန်မာ့အသံတွင် နှစ် (၄၀)ကျော် တာဝန်ထမ်း ခဲ့သော ကျွန်တော်ဝန်ထမ်းဟောင်းတစ်ဦးက မိတ်ဆက် စာမြည်းအဖြစ် ရေးပါရစေ။

 

ကျွန်တော် ယခုရေးမည့် ဆောင်းပါးသည် ကျွန်တော် သာမက စာဖတ်ပရိသတ်များပါ မိမိတို့ရင်ထဲ၌ စွဲကျန်ရစ် စေမည့် အမှတ်တရ ဖျော်ဖြေပွဲများ၊ အမှတ်တရစာပေ စာအုပ်များ ဖြစ်ပါလိမ့်မည်။

 

“ပထမငွေရတုခေတ်”

၁၉၇၁ ခုနှစ် (၂၅) နှစ်မြောက် ငွေရတုသဘင် အခါသမယပွဲကို ပထမရည်ညွှန်းပါမည်။

 

အဆိုပါငွေရတုသဘင် အထိမ်းအမှတ် ဖျော်ဖြေပွဲတွင် မြန်မာ့အသံဝန်ထမ်းများပါဝင်သော အငြိမ့်ခန်းသည် ရှေ့ထွက်ဖျော်ဖြေပွဲဖြစ်ပါသည်။ တေးသံရှင် ဝန်ထမ်း ချစ်စပယ်(ဒေါ်သန်းချစ်)က အငြိမ့်မင်းသမီး၊ မြန်မာ့အသံ ဦးငြိမ်းမောင် (အစီအစဉ်မှူး-ထုတ်လွှင့်) နှင့် မြန်မာ့အသံ ဦးဝင်းမြင့် (ကျေးလက် ဇာတ်လမ်းမှ ကိုသာဆန်း)တို့က လူရွှင်တော်များအဖြစ် ပါဝင်ကပြ ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

 

အငြိမ့်အဖွင့်သီချင်းကို ထိုစဉ်က မြန်မာ့အသံ ညွှန်ကြားရေးဝန် ဦးကျော်ဆန်း (ဗိုလ်မှူးကျော်ဆန်း) က ရေးစပ်ပေးပါသည်။ ထိုသီချင်းအမည်မှာ “ပြည်သူ့အတွက် မြန်မာ့အသံ... မြန်မာ့အသံ ငွေရတု သဘင်” ဖြစ်ပါသည်။

မြန်မာ့အသံ ဆိုင်းဝိုင်းကြီးဖြင့် ပံ့ပိုးတီးမှုတ်ဖျော်ဖြေရာ ရွာစား မြန်မာ့အသံဝန်ထမ်း စန္ဒရားဦးစိန်သောင်း ဖြစ်ပါ သည်။ နှဲဆရာမှာ မြန်မာ့အသံ ဦးကျော်စိန်ဖြစ်ပါသည်။ ချစ်စပယ်သည် ကကြိုးညက်ညက်ဖြင့် အကွက်ကျကျ ကပြသွားခဲ့ပါသည်။ လူရွှင်တော်အဖြစ် သရုပ်ဆောင်သူ ဆရာ ဦးငြိမ်းမောင်သည် သူမည်သည့်အချိန်က တိတ်တခိုး အတုယူလေ့လာထားသည်မသိ၊ မြန်မာ့အသံ ဒေါ်တင်ညွန့် (အစီအစဉ်ကြေညာသူ) ရုပ်ရှင်မင်းသမီးကြီး ဒေါ်သီသီ၊ ဒေါ်တင်တင်မူတို့ကဲ့သို့ တင်ပါးလှုပ်လမ်း လျှောက်ဟန်၊ အဆိုတော်ဝန်ထမ်း ဒေါ်မေလှမြိုင်၏ ဟန်ပါပါ ညာဘက်လက်ကြား၌ ဆေးပေါ့လိပ်ညှပ်ကာ သွားလာဟန်ပန်သဏ္ဌာန်တို့ကို ဇာတ်ခုံပေါ်၌ အမူအရာ လုပ်ပြရာ ပွဲကြည့်ပရိသတ်များက ပတ်တုတ်ရိုက် ဩဘာ ပေး ရယ်မောခဲ့ကြပါသည်။

 

ပြဇာတ်နှင့် ရုပ်ရှင်အနုပညာရှင် ဝဏ္ဏကျော်ထင် အကယ်ဒမီ ဖိုးပါကြီး၏ တစ်ကိုယ်တော် မျက်လှည့်ပြကွက် လည်း ပါဝင်ပါသေးသည်။

 

ကြုံကြိုက်တုန်း စာဖတ်ပရိသတ်များကို ဖောက်သည် ချရေးပါရစေ။ ကျွန်တော်သည် ထိုငွေရတုပွဲ ဖျော်ဖြေရေး လုပ်ငန်းကော်မတီတွင် လူရွှင်တော် ဆရာဖိုးပါကြီးကို အကြိုအပို့ တာဝန်ယူရပါသည်။ လူရွှင်တော် အကယ်ဒမီ ဖိုးပါကြီးသည် ထိုစဉ်က ကျောက်ကုန်း(ကန်ဘဲ့) မြို့ပတ် ရထားလမ်းအလွန် တောင်ဥက္ကလာပမြို့နယ်ရှိ တစ်ခုသော ခြံ၊ အိမ်တစ်လုံး၌ နေထိုင်ပါသည်။ ကျွန်တော်တို့၏ ရုံးမော်တော်ယာဉ်ဖြင့် ဆရာဖိုးပါကြီးကို သွားကြို၍ ရုံးသို့ ဖျော်ဖြေပွဲအမီ ညနေဘက် ပြန်လာရပါသည်။

 

ဖိုးပါကြီး၏ စင်မြင့်ထက်မှ တစ်ကိုယ်တော် မျက်လှည့်ပြကွက်များတွင် “သံစုံနာရီကလေးများ အသံ မြည်နေသည်ကို ဟန်ပါပါဖြင့် အမိန့်ပေးလိုက်လျှင် ရပ်သွားပုံ။ အမိန့်နာခံပုံတို့ကို နာရီကလေးများကို ကြိုတင် ၍ တိုင်မင်း (Timing)ပေး ချိန်ကိုက်ထားကာ ဟန်အမူအရာ ကောင်းကောင်းဖြင့် ပြသသွားခဲ့သည်။” ထို့နောက် အသင့် ယူလာသော ပိုက်ကွန်ကို ဝှေ့ယမ်း၍ ခိုဖမ်းမိသည့် ပုံများ ကို ဟန်ပါပါ လုပ်ပြသွားခဲ့ပါသည်။

 

ဒုတိယရွှေရတုခေတ်

မြန်မာ့အသံ၏ ဒုတိယရွှေရတုသဘင်ပွဲကို ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြန်မာ့အသံ စတူဒီယို (အေ)ခန်းမ၌ ကျင်းပခဲ့ပါသည်။ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ မြန်မာ့အသံ ဝန်ထမ်းဟောင်း များ၊ လက်ရှိတာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ စုံညီစွာ တက်ရောက်ခဲ့ပါသည်။ စတူဒီယို (အေ)ခန်းမှ ခန်းလုံးပြည့် မျှ တက်ရောက်အားပေးခဲ့ကြသည်။

 

မြန်မာ့အသံအငြိမ့်အဖွဲ့က ပွဲဦးထွက်ကပြ အသုံးတော် ခံသွားခဲ့ပါသည်။ ယခုထက်တိုင် လှဆဲ ပဆဲ သွဲ့ပြောင်း နွဲ့နှောင်းဆဲ၊ ကကြိုးကကွက် သွက်လက်ဆဲ မြန်မာ့အသံ ဝန်ထမ်းဟောင်း ယိုးဒယား(ပြန်) အမာစိန်နှင့်အတူ မျိုးဆက်သစ်သမီးငယ်၊ စက်မှုဌာနခွဲမှ စက်မှုလက်ထောက် ချိုမာခိုင်ကပါ အားဖြည့်ကပြ အသုံးတော်ခံခဲ့ပါသည်။ လူရွှင်တော်များအဖြစ် အသံလွှင့်ဌာနခွဲမှ ဦးအောင်သူ၊ ဦးကျော်ရှိန်၊ ဦးသန်းလွင်(စာရေးဆရာ သွင်လန်း)၊ စက်မှု ဌာနခွဲမှ ဦးသန်းဝင်းတို့က အကွက်ကျကျ အတိုင်အဖောက် ညီညီ တွဲဖက်အသုံးတော်ခံ ပြက်လုံးထုတ် သရုပ်ဆောင် ခဲ့ကြပါသည်။ သူတို့ဟန်ပန် အမူအရာ ပြက်လုံးများသည် ဝါရင့်ပညာရှင်များနှင့်မခြား ပနံစားလှပါသည်။

 

ဇာတ်စင်မြင့်အောက်မှ ရွာစား ဆရာဦးစိန်လှမြိုင် အဖွဲ့၏ တီးမှုတ်ဖျော်ဖြေ အသုံးတော်ခံသွားပုံမှာလည်း အပို အလိုမရှိ ကွက်တိ ကျေနပ်ဖွယ်ဖြစ်ပါသည်။

 

အမွေပေးသူနှင့် လက်ဆင့်ကမ်းယူသူဟု ဆိုရမည့်အလား အစ်မကြီး ယိုးဒယားပြန် (ဒေါ်) အမာစိန် ကကွက် အောက်တွင် တူမလေး ချိုမာခိုင်၏ မျိုးဆက်သစ် သမီး ပမာ ပျိုမြစ်နုနယ် အလှကြွယ်စွာ ကပြအသုံးတော်ခံသွားပုံ မှာလည်း ယနေ့ထက်တိုင် စာရေးသူရင်၌ စွဲကျန်မှတ်မိ မြင်ယောင်နေမိပါတော့သည်။

 

လူရွှင်တော် ဝန်ထမ်းများကလည်း ပြက်ရိုးပြက်စဉ် သမားစဉ် ပြက်လုံးများအပြင် အလုပ်ခွင်လက်တွေ့ နယ်ပယ်က အတွေ့အကြုံအဖြစ်အပျက်များကို မထိတထိနှင့် ကလိကလိဖြစ်အောင် ပြက်လုံးထုတ်သွားခဲ့ပုံများအား သောသောညံ ရယ်မောကောင်းချီးပေးခဲ့ပုံများကိုလည်း မှတ်မိနေပါသည်။

 

တတိယနှစ် (၆၀)ပြည့်ခေတ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နှစ်(၆၀)ပြည့် ပွဲတော်သည် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်ခဲ့ပါသည်။

 

ဤပွဲတော်ကြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နှစ်(၆၀)ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းကြီးတစ်စောင်နှင့် အမှတ်တရ နှုတ်ခွန်းဆက် သ၀ဏ်လွှာ ပို့စကတ်များအား ထုတ်ဝေသင့်သည်ဟု မြန်မာ့အသံမှ တာဝန်ရှိသူအချို့နှင့် ဝန်ထမ်းများက ဆန္ဒရှိကြပါသည်။

 

သို့အတွက် ညွှန်ကြားရေးမှူးချုပ်က စာရေးသူ ကျွန်တော့်ကို မဂ္ဂဇင်းလုပ်ငန်းစီမံချက်နှင့် ကော်မတီ ဖွဲ့စည်းတင်ပြရန် ညွှန်ကြားပါသည်။

 

ညွှန်ကြားရေးမှူး(အသံလွှင့်)က စာတည်းမှူးချုပ်၊ စာရေးသူ ကျွန်တော်က တာဝန်ခံစာတည်း၊ ပြင်ပမှ အမျိုးသားစာပေဆုရ ကဗျာဆရာ ဦးသူရဇော်က အတိုင်ပင်ခံ စာတည်း၊ ဌာနအသီးသီးမှ စာပေဝါသနာရှင်အချို့က စာတည်းအဖွဲ့ဝင်များအဖြစ် ပါဝင်သောစာတည်းအဖွဲ့ကို ခွင့်ပြုချက်ရရှိဖွဲ့စည်းကာ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ ပါသည်။

 

ဌာနမဂ္ဂဇင်း ရန်ပုံငွေအဖြစ် မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြား၏ ပုံမှန်ဖောက်သည်လုပ်ငန်းရှင်များ၏ ကြော်ငြာများကို တောင်းခံ၍ မဂ္ဂဇင်း၌ ကြော်ငြာထည့် သွင်းခဲ့ပါသည်။

 

ဤ တတိယနှစ် (၆၀) အထိမ်းအမှတ်ပွဲတွင် အထူးသဖြင့် မပျောက်မပျက် မှတ်တမ်းတင်ကျန်ရစ်မည့် မဂ္ဂဇင်းစာအုပ်၊ ပို့စကတ်များ၊ ၂၀၀၇ နှစ်ထုတ် ပြက္ခဒိန်များကို ဦးစားပေး ပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့ပါသည်။ မဂ္ဂဇင်း ကြီးကို ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွင် ပုံနှိပ်ပါသည်။ စောင်ရေ နှစ်ထောင်ပုံနှိပ်ပါသည်။ ပို့စကတ် များအဖြစ် တေးသံရှင်တင်တင်မြနှင့် မျိုးဆက်သစ် သမီးပျို သီတာမိုး(တေးသံရှင်) တေးသံရှင် တင်တင်မြနှင့် မြန်မာ့ အသံ တေးသံရှင် ၁၂ ဦး၊ မြန်မာ့အသံ တိုင်းရင်းသူ တေးသံရှင် ၁၂ ဦးတို့နှင့် မြန်မာ့ရုပ်မြင် သမီးပျိုမြမြဝင်း (ရုပ်မြင်သတင်း ဖတ်ကြားသူ) ၏ ပုံအပါအဝင် ပို့စကတ် လေးမျိုး တစ်မျိုးလျှင် စောင်ရေ ၁၀၀၀ စီ ဖြန့်ချိထုတ် ဝေခဲ့ပါသည်။

 

နှစ် (၆ဝ)ပြည့် မဂ္ဂဇင်းကြီးတွင် ရဟန်းပညာရှိ နာမည် ကျော် စာရေးဆရာများ၊ ကလောင်သစ်များ၊ ဌာနတွင်းမှ ဆုရကလောင်ရှင်များ၊ တစ်ချိန်က သောတရှင် မဂ္ဂဇင်း များတွင် ပါရှိခဲ့သော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို ငါးပုဒ်၊ နာမည်ကျော် ကာတွန်းပညာရှင်များ၏ ကာတွန်းလက်ရာ များ စသည်ဖြင့် ရသစုံပါရှိပါသည်။

 

ဤ တတိယခေတ် နှစ် (၆၀) ပြည့်ပွဲတော်၌ အထူးသဖြင့် ခေတ်အဆက်ဆက် မပျက်မကွက် မှတ်တမ်းဝင်မည့် မဂ္ဂဇင်းစာအုပ်၊ ပို့စကတ်များအကြောင်း ညွှန်းဆို ရေးလိုက်ပါသည်။

 

မြန်မာ့ရုပ်မြင်၊ မြန်မာ့အသံ စာဖတ်ပရိသတ်များ အတွက် နှစ်(၆၀)ပြည့် မြန်မာ့အသံမဂ္ဂဇင်းမှ အမှတ်တရ ကဗျာတစ်ပုဒ်ကို ရွေးထုတ်မိတ်ဆက်ဖော်ပြလိုပါသည်။ အဆိုပါကဗျာသည် မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်၏ နှစ်(၆၀)ကို ဂုဏ်ပြုရေးဖွဲ့စပ်ဆိုထားပါသည်။

 

ကဗျာရှင်က နာမည်ကျော်ကဗျာဆရာမကြီး စာရေး ဆရာမကြီး “နုယဉ်” (ဆရာကြီးတက်တိုး၏ဇနီး) ဖြစ်ပါ သည်။

ကဗျာအမည်က “မြန်မာ့အသံ ... သရုပ်မှန်” ဖြစ်ပါ သည်။

 

မြန်မာ့အသံ သရုပ်မှန်

အသံကြားက သနားပါစေ

ကရုဏာဝေ၏။

မျက်နှာမြင်က၊ ချစ်ခင်ပါစေ

မေတ္တာဝေ၏။

ရုပ်နှင့်အသံ၊ ကြားမြင်ပြန်သော်

စစ်မှန်မေတ္တာ၊ ကရုဏာကြောင့်

ဖရဏာပီတိ၊ ဂွမ်းဆီထိသို့

မိမိရင်မှာ၊ အေးငြိမ်းသာ၏။

မြန်မာတို့အကျိုး၊ သယ်ပိုးဆောင်ရာ၊

မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့်

ဥပေက္ခာတရား၊ လေးပါးဗြဟ္မစိုရ်၊

ရင်ကိုအေးစေ၊ ခိုလှုံလေမှ

လောကချမ်းသာ၊ အရာရာကို

အောင်ပါစေကြောင်း၊ စုဆောင်းတည်ခဲ့ရ

“ မြန်မာ့အသံ၊ သရုပ်မှန်သည်” …

လည်ပြန်တစ်ခေတ်၊ နှစ်ပေါင်းခြောက်ဆယ်

မကွယ်ပြည့်ဖြိုး၊ ရှေ့တိုးမေတ္တာ၊

တို့မြန်မာတွက်၊ ကမ္ဘာတည်သမျှ

မြဲစေရမည်၊ ဓိဋ္ဌာန်ရည်လျက်

ယုံကြည်မြဲစွာ၊ ပီတိဖြာ၍

မကွာနေ့ည၊ ဆုတောင်းရ၏။

နုယဉ်