နေပြည်တော် ၈ သြဂုတ်
ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှီးနွှယ်ဆက်စပ်အဖွဲ့အစည်းများ ပါဝင်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးပြဿနာ အသွင်သဏ္ဌာန်ဖြစ်နေသော ခွေးရူးပြန်ရောဂါအန္တရာယ်မှ ကင်းဝေးစေရန်အတွက် သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းများအားလုံးမှ စနစ်တကျပါဝင်ဆောင်ရွက်သော ပြည်သူ့ကျန်းမာရေးမဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးသည် အလွန်အရေးကြီးပါကြောင်း၊ ခွေးရူးပြန်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့်၊ အဓိကအားဖြင့် ခွေးမှတစ်ဆင့် လူတို့ထံကူးစက်ပြီး ရောဂါဖြစ်ပွားပြီးနောက် ပျောက်ကင်းရန် ကုသမှုပေးနိုင်ခြင်း မရှိသဖြင့် အသက်သေဆုံးရသည်ဖြစ်ပါကြောင်း၊ ထိုသို့ ကြောက်မက်ဖွက်ကောင်းသော ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူတစ်ရပ်လုံးကပါ ဝိုင်းဝန်းဆောင်ရွက်ကြမှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း။
(၂၀၁၇) ခုနှစ်တွင် လစဉ် ခွေးကိုက်ခံရသူ (၁၅၀ဝ၀) ခန့် ရှိခဲ့ရာမှ (၂၀၁၉) ခုနှစ်တွင် လစဉ် ခွေးကိုက်ခံရသူပေါင်း (၁၀ဝ၀ဝ)ခန့်အထိ ကျဆင်းလာသော်လည်း ခွေးကိုက်ခံရသည့် အရေအတွက် အလွန်များပြား နေသေးသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခွေးကိုက်ခံရသည့်လူနာများအား ကာကွယ်ကုသမှုပေးရန်အတွက် (၂၀၁၆-၂၀၁၇) ခု ဘဏ္ဍာနှစ်မှ (၂၀၁၈-၂၀၁၉)ခု ဘဏ္ဍာနှစ်အထိ ခွေးရူးပြန်ရောဂါကာ ကွယ်ဆေးကို ငွေကျပ် (၁၃ ဒသမ ၇၂) ဘီလီယံခန့်နှင့် ခွေးရူးပြန် ဗိုင်းရပ်စ်ပိုးသတ်သည့် ပဋိပစ္စည်းကို ငွေကျပ် (၁ ဒသမ ၂)ဘီလီယံ ခန့်ဝယ်ယူရသည့်အတွက် နှစ်မျိုးပေါင်းကျပ်ငွေ (၁၅)ဘီလီယံခန့်ကို ယခုအစိုးရလက်ထက်တွင် သုံးစွဲထားရပါကြောင်း။
ခွေးကိုက်ခံရသည့်လူနာများကို သီးသန့်ပိုမိုထိရောက်စွာနှင့် ဆေးအလေအလွင့် နည်းပါးစွာဖြင့် ကာကွယ်ကုသမှုပေးနိုင်ရန်အတွက် ခွေးကိုက်ခံရသူလူနာများအား ကုသမှုပေးသည့်ဌာနများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနှင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ဆောင်ရွက်နေကာ ဆက်လက်၍လည်း အခြားဆေးရုံကြီးများတွင်လည်း ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ကာကွယ်ကုသမှုများ ပေးအပ်နေသဖြင့် မြန်မာနိုင်ငံ၌ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူအရေအတွက်သည် (၂၀၁၄) ခုနှစ်တွင် (၁၅၂) ဦးရှိရာမှ (၂၀၁၈)ခုနှစ်တွင် (၇၁) ဦးအထိ ကျဆင်းလာပါကြောင်း။
ခွေးကိုက်မှုနှင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု များပြားသည့် နေရာဒေသ၊ မြို့နယ်များကို ဖော်ထုတ်၍ အဆိုပါနေရာဒေများတွင် လုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ (၂၀၂၀) ခုနှစ်တွင် အာဆီယံဒေသအတွင်း ခွေးရူးပြန်ရောဂါဖြစ်ပွားမှု ကင်းစင်ရေးမဟာဗျူဟာတွင် ပါဝင်သည့် လူမှုယဉ်ကျေးမှု မူဘောင်၊ နည်းပညာမူဘောင်၊ အဖွဲ့အစည်းဆောင်ရွက်မှု မူဘောင်နှင့် အုပ်ချုပ်မှုစီမံခန့်ခွဲမှု မူဘောင်၊ အရင်းအမြစ်ဆိုင်ရာ စသည့် မူဘောင်များအတိုင်း ထည့်သွင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးမှပါဝင်၍ အကျိုးထိရောက်မှု အရှိဆုံးသော လုပ်ငန်းစဉ်များဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက (၂၀၁၈) ခုနှစ်တွင် ကောက်ယူခဲ့သော စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ခွေးကောင်ရေ (၄)သန်းကျော်ရှိနေပြီး အလွန်များပြားပါကြောင်း၊ ခွေးရူးပြန်ရောဂါ၏ မူလအရင်းအမြစ်ဖြစ်သော ခွေးများတွင် ကာကွယ်ဆေးထိုးခြင်း၊ ခွေးကိုက်ခံရသည့် လူနာများကို အချိန်မီ ကာကွယ်ကုသခြင်းနှင့် ပြည်သူများ၏ အသိပညာဗဟုသုတများ မြှင့်တင်ခြင်းတို့ဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါကြောင်း။
သုတေသနတွေ့ရှိချက်များအရ မည်သည့်နေရာဒေသတွင်မဆို ခွေးကောင်ရေ၏ အနည်းဆုံး (၇၀ ရာခိုင်နှုန်း)အား ကာကွယ်ဆေးလွှမ်းခြုံအောင် ထိုးနှံပေးနိုင်ပါက ခွေးရူးပြန်ရောဂါ ကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် (၂၀၁၃) ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် ပျမ်းမျှခွေးကောင်ရေ (၁၅၀ဝ၀ဝ) ခန့်ကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း၊ Four Paws International အဖွဲ့နှင့်ပူးပေါင်း၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်တို့တွင် ခွေးများအား အစုလိုက် ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံခြင်းစီမံချက်ကို စက်တင်ဘာ (၂၈) ရက်တွင် ကျရောက်မည့် “ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားတွင် စတင်ဖွင့်လှစ်၍ (၂၀၁၉) ခုနှစ်မှ (၂၀၂၁) ခုနှစ်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် (၂၀၃၀) ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါကင်းစင်စေရန်အတွက် ခွေးများအား အစုလိုက် ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံခြင်း၊ ခွေးကိုက်ခံရသည့် လူနာများကို ကာကွယ်ကုသမှုပေးခြင်း၊ အသိအမြင်နှင့် ဗဟုတသုတမြှင့်တင်ခြင်းနှင့် ခွေးကောင်ရေ ထိန်းချုပ်ခြင်းတို့ကို ကဏ္ဍစုံ၊ ဌာနပေါင်းစုံမှ ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးများအား အစုလိုက် ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံခြင်းကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခွေးကိုက်ခံရသည့် လူနာများကို ကာကွယ်ကုသမှုပေးခြင်းကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပြည်သူများနှင့် ကျောင်းနေအရွယ် ကလေးများကို အသိပညာ ဗဟုသုတမျှဝေပေးခြင်းကိုလည်းကောင်း၊ စည်ပင်သာယာရေး ကော်မတီများနှင့် ဆက်စပ်နှီးနွှယ်ဌာနများမှ ခွေးကောင်ရေထိန်းချုပ်ခြင်း လုပ်ငန်းများကို လည်းကောင်း အသီးသီးဆောင်ရွက်လျက်ရှိပါကြောင်း။
(၂၀၃၀) ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါဖြင့်သေဆုံးသူ တစ်ဦးတစ်ယောက်မျှမရှိစေရေး ရည်မှန်းချက်အောင်မြင်စေရေးအတွက် ရေရှည်တည်တံ့သော ခွေးရူးပြန်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းပေါင်းစုံနှင့် နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးအတူတကွ ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နှီးနွယ်အဖွဲ့ အစည်းအားလုံး တစ်စုတစ်စည်းတည်း ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေး မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ ပံ့ပိုးဆောင်ရွက်ပေးနိုင်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ World Organization for Animal Health (OIE)တို့က ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်သည်။
ဆက်လက်၍ လူများတွင် ခွေးရူးပြန်ရောဂါကူးစက်ဖြစ်ပွားမှု ပပျောက်ရေးမဟာဗျူဟာနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


