ချောင်းဦးမြို့နယ် ပေါက်အင်းအတွင်း မြစ်ရေဝင်ရောက်မှုနည်းခြင်းကြောင့် ငါးအထွက်နှုန်း သုံးချိုးနှစ်ချိုးခန့်ကျဆင်း

ချောင်းဦး ၂၈ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပေါက်အင်းသည် ယခုနှစ်မိုးရာသီ၌ ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုနည်းပါးခဲ့ရာ ငါးအထွက်နှုန်းသည် ယခင်နှစ်များထက် သုံးချိုးနှစ်ချိုးခန့် ကျဆင်းခဲ့သဖြင့် အင်းတောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း ပေါက်အင်းတာဝန်ခံ ဦးအောင်သိုက်၏ ပြောကြားချက်အရ သိရသည်။

 “ပေါက်အင်းမှာ အလုပ်လုပ်လာတာ အခုနှစ်ဆို(၁၉)နှစ်ကြာပြီ။ အခုလိုမြစ်ရေဝင်ရောက်မှု သိသိသာသာ နည်းတာ ပထမဆုံးအကြိမ်ပဲ၊ အခုနှစ်က အင်းလေလံကြေးမြင့်တက်ခဲ့တဲ့နှစ်မှ ရေဝင်နည်းတော့ အတော့်ကို ရှုံးတယ်၊ အခုလိုရေဝင်နည်းတာက (၃)နှစ်လောက်ရှိပြီး သိသိသာသာနည်းတာက အခုနှစ်ကအဆိုးဆုံးပဲ၊ အခုနှစ်မှာ အင်းအတွင်းကို ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမနဲ့ ငွေရောင်ငါးကြင်းခေါင်းပွ ငါးသားပေါက်ကောင်ရေ ၂၄ သိန်းလောက် စိုက်ထည့်ပေမဲ့ ပြန်ပြီးတော့မရခဲ့ဘူး”ဟု ပေါက်အင်းတာဝန်ခံဦးအောင်သိုက်က ဆက်လက်ပြောသည်။

ပေါက်အင်းတွင် ယခုနှစ်အင်းလေလံကြေးသည် ကျပ်သိန်း ၂၂၀၇ ကျော် ပေးဆောင်ရခဲ့ကြောင်း၊ ပြီးခဲ့သော ၂၀၁၈ ခုနှစ် အင်းရာသီ၌ အင်းလေလံကြေးအဖြစ် ငွေကျပ်သိန်း ၁၇၀ဝ သာ ပေးဆောင်ခဲ့ရကြောင်း ယခုနှစ်တွင် မြစ်ရေ ဝင်ရောက်မှုနည်းခဲ့ခြင်းကြောင့် အရှုံးပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)