နေပြည်တော် ဇွန် ၁၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျောင်းများအားလုံးဖွင့်လှစ်ခဲ့သည်မှာ ရက်သတ္တ နှစ်ပတ်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကျောင်းများ၊ ဌာနများအလိုက် ဆရာဆရာမ၊ ကျောင်းသားဦးရေ စာရင်းများမှအစ ရုံးလုပ်ငန်းဆိုင်ရာ စာရင်းဇယားများဆောင်ရွက်ရာတွင် အချက်အလက်များကို တိကျမှန်ကန် မြန်ဆန်ရေးအတွက် စနစ်တကျအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင်ရှိသည့် သုတေသနစက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများစာရင်းနှင့် ထပ်မံလိုအပ်သည့် ပစ္စည်းစာရင်းများ စနစ်တကျတင်ပြရန်လိုကြောင်း၊ သုတေသနပစ္စည်းများကို အကျိုးရှိထိရောက်အောင် စနစ်တကျသုံးစွဲဆောင်ရွက်ကြစေ လိုပါကြောင်း၊  ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသည့်ဌာနဖြစ်၍ ပညာ‌‌‌ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် အခြေခံပညာကျောင်းများမှ ဆရာဆရာမများ၊ ပညာရေးဝန်ထမ်းမိသားစုများအားလုံး လက်တွဲညီညီဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်‌အောင် ကြိုးစား‌ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စာသင်ခန်း၊ စာသင် ဆောင်၊ အိပ်ဆောင်များ၊ ကျောင်းအတွင်းအပြင် ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိ ရုပ်ကောင်းမွန်ရေးကို အလေးထား ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။

အဝေးသင်တက္ကသိုလ် သိပ္ပံကျောင်းသားများ လက်တွေ့တန်းဆောင်ရွက်သကဲ့သို့ စာသင်ချိန်အတန်း တက်ရောက်စေရေး ကြီးကြပ်ရမည်ဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအနေဖြင့် စာသင်ကျောင်းများနှင့် စာသင်ခန်းများအထိ အရောက်သွား၍  ကျောင်းသား ကျောင်းသူများ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးကြရန် လိုကြောင်း၊  စာကြည့်တိုက်အတွက် စာအုပ်များကို နှစ်စဉ်ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း  ထပ်မံ လိုအပ်သည့် စာအုပ်စာရင်းများကို ကြိုတင်ပြုစုဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ ဆရာဆရာမ များအနေဖြင့် ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန်ရေး၊ အမှန်တကယ်ပညာ တတ်မြောက် အောင်  သင်ကြားပေးရေးတို့အတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က e-government အောင်မြင်စွာ အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးအတွက်အားလုံးပါဝင် ဆောင်ရွက်ကြရန်၊ Project Based Learning အောင်မြင် အောင်ဆောင်ရွက်ရန်နှင့် သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ အရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ရန်တို့ကို ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံဆောင်ရွက်မှုများ ဆက်လက်‌ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာ ဒေသမှ ကလေးများ ကျောင်းလာအပ်ပါက အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် ကျောင်းသားကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းအပြည့်အဝရရှိစေရေး အားလုံးလက်တွဲ ဆောင်ရွက်ပေးကြရန်တို့ကို မှာကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အခြေခံပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေး ဒီဂရီကောလိပ်တို့တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)