ပွင့်ဖြူ    ၉ သြဂုတ်    


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံမှ ကျောင်းကျန်းမာရေးဆရာမ ဒေါ်မြင့်မြင့်ဝင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ အမှတ်(၂)မူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ဆေးဝါးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံမှ ကျောင်းကျန်းမာရေးဆရာမ ဒေါ်မြင့်မြင့်ဝင်း က (H1N1)တုပ်ကွေး၊ ဆင်တုပ်ကွေး၊ သွေးလွန်တုပ်ကွေး စသည့်ရောဂါများအကြောင်းနှင့် ကာကွယ်ရန် နည်းလမ်းများ၊ ကျန်းမာရေးအာဟာရဆိုင်ရာ သိကောင်းစရာများ၊ သန်ကောင်တုပ်ကောင်ရောဂါအကြောင်း သိကောင်းစရာများ၊ သွားနှင့် ခံတွင်းရောဂါအကြောင်း သိကောင်းစရာများနှင့် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းရေး သိရှိလိုက်နာရန် အချက်များကို ပညာပေး ရှင်းလင်းဆွေးနွေးဟောပြောသည်။


ထို့နောက် ကျောင်းကျန်းမာရေးဆရာမ ဒေါ်မြင့်မြင့်ဝင်း ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ KG တန်းမှ သတ္တမတန်းအထိ အသက်ငါးနှစ်အထက် ကျောင်းသားကျောင်းသူ ၃၅၇ ဦးအား တစ်ကိုယ်ရေကျန်းမာရေး ကောင်းမွန်မှု ရှိ / မရှိ စစ်ဆေးခြင်း၊ အရပ်နှင့် ကိုယ်အလေးချိန်တိုင်းခြင်းများ ပြုလုပ်ကာ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။ 


ရဲဝင်းနိုင် (ညောင်ဦး)