နေပြည်တော် ဒီဇင်ဘာ  ၇

အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ အကြိမ် (၂၀) မြောက် အကြီးအမှူးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ 

အစည်းအဝေးတွင် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ H.E.Khamphan PHOMMATHATH နှင့် အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ H.E. Alexander Marwata တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
 
ထို့နောက် (၁၉) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး မှတ်တမ်းကို အတည်ပြုခြင်း၊ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ၂၀၂၃-၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ၂၀၂၆-၂၀၂၈ ခုနှစ် လုပ်ငန်းအစီအစဉ်ရေးဆွဲချမှတ်နိုင်ရေး၊ (၂၁) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် မလေးရှားနိုင်ငံ၌ ကျင်းပနိုင်ရေးနှင့် “အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး”  ခေါင်းစဉ်ဖြင့် အဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးကြသည်။ 

ထို့အပြင် အာဆီယံအတွင်းရေးမှူးရုံး ကိုယ်စားလှယ်က အာဆီယံဒေသအတွင်း ASEAN-PAC ၏ ပါဝင်မှု အခန်းကဏ္ဍ ပိုမိုမြင့်မားတိုးတက်လာစေရေး၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime - UNODC) ကိုယ်စားလှယ်က ASEAN-PAC အဖွဲ့ဝင် နိုင်ငံများ၏ ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention against Corruption- UNCAC) အကောင်အထည်ဖော်ဆောင်မှုတို့ကို ဆွေးနွေးကြပြီး  အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (Corruption Eradication Commission- KPK) နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းကျင်းပသည့် ASEAN-PAC အလုပ်ရုံဆွေးနွေးပွဲ နှင့် ၂၀၂၄ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရုပ်ရှင်ပြပွဲ (Anti-Corruption Film Festival 2024) သို့ တက်ရောက်ကြသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်  တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာအသုံးပြု၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အများပြည်သူဆိုင်ရာ အသိပညာပေးမှုနှင့် အများပြည်သူမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အလေးထားဆွေးနွေးပြီး အသိပညာပေးအစီအစဉ်များကို နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေမှု၊ ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme – PFP) ဆောင်ရွက်နေမှု၊ နိုင်ငံ့ဘဏ္ဍာ ပြန်လည်ရယူနိုင်ရန် ဦးတည်၍ စုံစမ်းစစ်‌ဆေးမှုများ ဆောင်ရွက်နေမှု၊ သတင်းပေးသူအကာအကွယ်ပေးရေး ဥပဒေမူကြမ်း ရေးဆွဲဆောင်ရွက်နေမှုနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်