ကောလင်း၊ ၁၃ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းမှ အစပြု၍ ဆောင်းရာသီအအေးဒဏ် လွန်ကဲလာခြင်းကြောင့် ထူထဲသည့်အနွေးထည်များနှင့် စျေးချိုသည့် ဘေထုတ်အနွေးထည်များ ယခုရက်ပိုင်း ရောင်းအား ပိုမိုကောင်းလာကြောင်း သိရသည်။

 

ဒီနှစ်ဆောင်းရာသီရဲ့အအေး ပိုလာတဲ့အတွက် လက်ရှိပုံမှန် ရောင်းနေတဲ့ ဘေထုတ်အပြင် တခြားအအေးဒဏ်ခံ အနွေးထည်ကို စိတ်ဝင်စားသူတွေနဲ့ ဝယ်ယူအားပေးတဲ့သူတွေ များလာပါတယ်။ လွန်ခဲ့တဲ့ဆောင်းရာသီတွေမှာ အနွေးထည် ကလေးဝတ်၊ လူကြီးဝတ်အစုံ ရောင်းရတယ်။ ရုံးပိတ်ရက်တွေဆိုရင် တစ်ရက်ကို ပုံမှန် ငါးသိန်းကနေ ဆယ်သိန်းအထိ ရောင်းရတဲ့ရက်တွေလည်း ရှိလာပါတယ်။ ကျွန်မတို့ထက် ပိုရောင်းကောင်းတာက ကျွန်မတို့ ဘေထုတ်တွေ ဖောက်တဲ့အခါမှာ အနွေးထည်တွေကတော့ အမျိုးမျိုးပဲ။ ဂျင်းထည်၊ ဂျာကင်ထည်၊ ဘောင်းဘီအထူအပါး၊ သက္ကလတ်၊ ကုတ်၊ လောင်းကုတ် စတာတွေကိုရွေးပြီး ကျေးရွာတွေဘက်မှာ သွားရောင်းကြတော့ တစ်ဆင့်ခံ ပြန်လည်ရောင်းချသူတွေ ပိုလို့အဆင်ပြေကြပါတယ် ဟု ဘေထုတ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။

 

ကောလင်း၊ ဝန်းသိုတွင် နှစ်စဉ်ဆောင်းရာသီရောက်ပါက စျေးနှုန်းချိုသာသော အနွေးထည်များကို လူတန်းစားမရွေး ဝယ်ယူဝတ်ဆင်ကြပြီး ဂျင်း၊ သက္ကလတ်၊ လောင်းကုတ်၊ ဂျာကင်၊ ပိုလီဖီးအင်္ကျီ၊ ဘောင်းဘီ၊ ခြုံစောင်အမျိုးမျိုး၊ ခေါင်းစွပ်၊ လက်အိတ်၊ ခြေစွပ်၊ ဘောင်းဘီ၊ အင်္ကျီအနွေးထည်များမှာ ပုံမှန်ရောင်းချနေကြရကာ ယခုနှစ်ဆောင်းရာသီတွင် အအေးပိုလာသည့်အတွက် ယခင်နှစ်များထက် ပိုမိုရောင်းကောင်းကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)