ကော့ကရိတ်၊ ၁၃ ဇန်နဝါရီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက် အထက-ချောင်းတောင်အနီးရှိ ဖိ့ဗီးယော်ကွင်း၌ (၈၃)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တက်ရောက်လာကြသူများသည် နေတစ်ဝက်ထွက်ချိန်တွင် ကရင်အမျိုးသားအလံကို တိုင်ထိပ်သို့လွှင်တင်၍ အလေးပြုကြသည်။ ထို့နောက် သဘာပတိနှင့်အဖွဲ့ဝင်များက အခမ်းအနးကို ကရင်အမျိုးသားသီးချင်း(အောခုအောခေါ်)ဖြင့် ဖွင့်လှစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံမှ ပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းက လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးဆေးဖိုး ပေးပို့သော သဝဏ်လွှာအား မန်းနိုင်ဝင်က လည်းကောင်း ဖတ်ကြားခဲ့သည်။
ထိူနောက် ကောက်သစ်စားပွဲပြုလုပ်ရာ ကရင်ဘိုးဘွားများက စပါးလိပ်ပြာခေါ်ယူခြင်း၊ ကရင်ဒုံးယိမ်း အကများဖြင့် ကောက်သစ်စားပွဲကို ဆင်နွှဲခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင်ပြန်/ဆက်)


