ကျောက်ပန်းတောင်း ဩဂုတ် ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ နွေရာသီကာလ သန့်ရှင်းသောသောက်သုံးရေများ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ(၄)ရွာ၌ မြေသားသားရေကန်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများပြီးစီးမှုနှင့် ဆောင်ရွက်နေမှုအခြေအနေ များကို ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်မျိုးလွင်နှင့် တာဝန်ရှိသူများသည် လက်ပံပင် ကျေးရွာ၊ စံပယ်ပင် ကျေးရွာနှင့် ရွာလုကျေးရွာများတွင် မြေသားရေကန် တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြအနေများကို ကြည့်ရှုစစ်ဆေးပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက တာဝန်ရှိသူများအား ဆောင်ရွက် ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည် တည်တံအောင် ဝိုင်းဝန်းကြိုးစားထိန်းသိမ်းကြရန် မှာကြားပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် တာဝန်ရှိသူများ၊ ကန်ရဲကျေးရွာတွင် ကျေးရွာ(၃)ရွာကို အကျိုးပြုမည့် အလျား ၄၀၀ ပေ၊ အနံ ၄၀၀ ပေ၊ အနက် ၆ ပေရှိ မြေသားရေကန် အနက်နှိုက်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း ကျောက်ပန်းတောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မောင်ခိုင်(ကျေး/လက်)


