ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ စိုက်ပျိုးထားသည့်  လှောင်ကြက်သွန်များ တစ်ပိဿာ ကျပ် ၅၀ ဖြစ်နေသော်လည်း ဝယ်ယူသူမရှိဖြစ်နေ

ကျောက်ပန်းတောင်း၊ ၁၉ ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ စိုက်ပျိုးထားသည့် ဆောင်းကြက်သွန်နီ (ခေါ်) လှောင်ကြက်သွန်နီများ တစ်ပိဿာ ငွေကျပ် ၅၀ ဖြစ်နေသော်လည်း လာရောက်ဝယ်ယူမည့်သူမရှိခြင်းကြောင့် လွှင့်ပစ်ရမည့် အခြေအနေထိ ကြုံတွေ့နေရကြောင်း မုန့်ကုန်းကျေးရွာ ဆောင်းကြက်သွန်စိုက်တောင်သူ ဦးမင်းညိုထံ မှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ကျေးရွာများသည် ဆောင်းကြက်သွန်နီ (ခေါ်) လှောင်ကြက်သွန်နီကို အမြောက်အများ စိုက်ပျိုးကြသည့် ကျေးရွာများ ဖြစ်ကာ လက်ပံအိုင့်၊ လဲဂွ၊ ညောင်ဖြူပင်၊ မုန့်ကုန်းကျေး၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ ညောင်ချိုင်း၊ ကင်မွန်းခြုံ၊ ကျောက်တံခါး၊ မကျည်းတိုင်း၊ အိုးအိုင် ကျေးရွာများသည် ဆောင်းကြက်သွန်စိုက်ပျိုးကြကာ ကိုယ်တိုင်လှောင်ထားပြီး ရောင်းချသည့်ကျေးရွာများဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ စတင်ချိန်မှ  ယနေ့အထိဆောင်ကြက်သွန်ဈေးနှုန်း တက်လာခြင်း မရှိဘဲ တစ်ပိဿာ ကျပ် ၅၀ နှုန်းအထိဈေးကျလာကာ လှောင်ကြက်သွန်ရာသီချိန်လည်း ကုန်ဆုံး တော့မည်ဖြစ်ခြင်းကြောင့် သွန်ပစ်၊ လွှင့်ပစ်ရမည့်အခြေနေထိ ရောက်ရှိနေကြောင်း မုန့်ကုန်းကျေးရွာ ဦးနန်းတင်က ပြောပြသည်။

၂၀၂၀ ပြည့်နှစ် မတ်လ၊ ဧပြီလက နုတ်သိမ်းလှောင်ထားသည့် ဆောင်းကြက်သွန်နီများ ဈေးနှုန်း တက်လာခြင်းမရှိဘဲ ဈေးနှုန်းအကောင်းဆုံအချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန် ဆောင်မုန်း၊ နတ်တော်၊ ပြာသိုလတို့တွင် ဆောင်းကြက်သွန်နီ(ခေါ်)လှောင်ကြက်သွန်နီဈေးနှုန်းသည် တစ်ပိဿာ ကျပ် ၅၀ ထိရောက်ရှိလာကာ မြို့ပေါ်တက်ရောင်းရန် သယ်ယူစရိတ်နှင့်မကာမိသဖြင့် ထပ်မံအရှုံးနှင့် ရင်မဆိုင်တော့ဘဲ  အချို့တောင်သူများ လွှင့်ပစ်(စွန့်ပစ်)ခဲ့ပြီးဖြစ်ကြောင်း ဦးမင်းညိုက  ပြောပြသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သာရေး၊ နာရေးပွဲများမရှိခြင်းက ကြက်သွန်နီ ဈေးနှုန်းကျဆင်း စေခဲ့ပြီး ပြည်ပနိုင်ငံများက အဝယ်မလိုက်ခြင်းကြောင့်လည်း ကြက်သွန်ဈေးနှုန်း အဆိုးဆုံးအခြေအနေ ရောက်ရှိစေကြောင်း သိရသည်။ ဆောင်းကြက်သွန်နီဈေးနှုန်း မကောင်းသော်လည်း ပြန်လည် ပျိုးထောင် စိုက်ပျိုးနေကြပြီဖြစ်ကာ ဈေးနှုန်းကောင်းဖို့ မျှော်လင့်စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ဆောင်းကြက်သွန်စိုက်တောင်သူများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောင်သူတိုင်း အရှုံးဖြင့် ရင်ဆိုင်ရသည့်နှစ်ဖြစ်ကာ တမုန့်ကုန်းကျေးရွာတွင် ဆောင်းကြက်သွန်နီ အများအပြား ရှိနေသေးကြောင်း၊  တစ်ပိဿာ ကျပ် ၅၀  ဖြင့် လာရောက်ဝယ်ယူမည့်သူမရှိ ဖြစ်နေကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)