ကျောက်ဆည်မြို့ အေးမြချမ်းသာ ဓမ္မစကူးလ်သင် ဘုန်းတော်ကြီးကျောင်းတွင် တတိယအကြိမ် ဓမ္မစကူးလ်သင်တန်းဆင်းပွဲ ပြုလုပ်

ကျောက်ဆည် ၂၆  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်၊ အေးမြချမ်းသာ ဓမ္မစကူးလ်သင် ဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာ (၂၅) ရက်မွန်းလွဲ (၂) နာရီက အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံတွင် ဗုဒ္ဓစာပေများနှင့် ယဉ်ကျေးလိမ္မာစာပေများ သင်ယူလေ့လာနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ (တတိယ) အကြိမ် ဓမ္မစကူးလ် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

8

           

သင်တန်းဆင်းပွဲအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြစိမ်းတောင် ဆရာတော် ဘဒ္ဒန္တကောဏ္ဍည ဆရာတော်ကြီးထံမှ ငါးပါးသီလနာယူဆောက်တည်ကြသည်။ ယင်းနောက် မြို့နယ်ဓမ္မစကူးလ်ကော်မတီ နာယက၊ မဟာဝိသုတာရာမ၊ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တခေမိန္ဒထံမှ ဩဝါဒကထာများ နာယူမှတ်သားကြသည်။

 

ထို့နောက် ဓမ္မစကူးလ်နာယကဆရာတော်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူချွန်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၂၄) ဦးနှင့် သင်တန်းမှန်တက်ရောက်သူ (၈၄) ဦးအား ဂုဏ်ပြုဆုနှင့် ငွေသားများ ချီးမြှင့်ပေးအပ်ခဲ့ကာ မြစိမ်းဆရာတော်က ရေစက်ချတရားချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဘုရားကန်တော့၍ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

 

98

           

အဆိုပါဓမ္မစကူးလ် သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၃၀၅) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကို မတ်လဆန်းမှ စတင်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် သင်တန်းချိန် (၈) ချိန်ဖြင့် ဗုဒ္ဓစာပေနှင့် ယဉ်ကျေးလိမ္မာစာပေများ သင်ကြားခဲ့ကြောင်းသိရှိရသည်။

           

 

သက်မောင် (ကျောက်ဆည်)