နေပြည်တော် ဖေဖော်ဝါရီ ၁၅
စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်သည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက (၆၃) ကြိမ်မြောက်ကျင်းပရာ ကျောက်ဆည်ခရိုင်၏ နှမ်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေနှင့် မိုးကြိုနှမ်း (နွေနှမ်း) သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အွန်လိုင်းစနစ်ဖြင့် ဆွေးနွေးအမှာစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံရှိ သီးနှံစိုက်ပျိုးနည်းစနစ်အသုံးပြုမှုတွင် ပဲမျိုးစုံ၊ ဆီထွက်စသဖြင့် သီးနှံများအားလုံး၌ ပေါင်ကြီး တင်စနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိကာ များစွာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ သီးထပ်စိုက်ပျိုးရာတွင် စပါးအပြီး မတ်ပဲ၊ ပဲတီစိမ်း သီးနှံအတွဲများနေရာ၌ အခြားတန်ဖိုးမြင့်မားပြီး အလားလာကောင်းသော သီးနှံတွဲများ အစားထိုးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တောင်သူများ သီးနှံရိတ်သိမ်းချိန် အလေအလွင့်နည်းပါးစေရေးနှင့် သီးနှံရောင်းချချိန်တွင် စုပေါင်းရောင်းချနိုင်ရေး အထူးအလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချစ်ဆွေဦးက ကျောက်ဆည်ခရိုင်၏ နှမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် မိုးကြိုနှမ်း (နွေနှမ်း) သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြသည်။
ဆွေးနွေးချက်များအပေါ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဇုန်တာဝန်ခံများက ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် နှမ်းသီးနှံအား ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားရှိမှု၊ စိုက်ပျိုးနည်းစနစ်အသုံးပြုမှု၊ သွင်းအားစုထည့်သွင်းခြင်း၊ အထွက်နှုန်းရရှိမှု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဆီထွက်သီးနှံ သုတေသနဌာနစုက ထုတ်ဝေထားသော အထွက်နှုန်းကောင်းပြီး ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသည့် နှမ်းသီးနှံမျိုးများနှင့် စပ်လျဉ်း၍ဖြည့်စွက် ဆွေးနွေးကြသည်။
အဆိုပါနည်းပညာဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေတွင်းမှ စိုက်ပျိုးရေးပညာရှင် ( ၅၀ နှင့် တောင်သူ ၇၀ တို့တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေး ပညာရှင် ၂၀၀ နှင့် တောင်သူ(၉၁)ဦးတို့က Zoom point(၁၀၀)မှ တက်ရောက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်