နေပြည်တော် ၂၇ စက်တင်ဘာ

           

မြန်မာနိုင်ငံသည် စတော့ဟုမ်းကွန်ဗင်းရှင်းကို ၂၀ဝ၄ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး “သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ကြာရှည်စွာ မပျောက်မပျက် တည်မြဲနေနိုင်သည့် အော်ဂဲနစ်ဒြပ်ပစ္စည်းများဆိုင်ရာ စတော့ဟုမ်းကွန်ဗင်းရှင်း အကောင်အထည်ဖော်မှုအတွက် အဆင်ပြေလွယ်ကူစေမည့် နည်းပညာ ထောက်ပံ့မှုစီမံကိန်း (Enabling Activities to facilitate early action on the Implementation of the Stockholm Convention on Persistent Organic Pollutants (POPs) in Myanmar)” ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အပံ့အဖွဲ့ (Global Environment Facility – GEF) ၏ ငွေကြေးအထောက်အပံ့၊ ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ (United Nation Industrial Development Organization – UNIDO)၏ နည်းပညာအကူအညီများဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

           

စီမံကိန်းအနေဖြင့် ပတ်ဝန်းကျင်နှင့်လူသားတို့အား POPs များ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် POPs ဆိုင်ရာ အမျိုးသားအဆင့်အကောင်အထည်ဖော်မှု စီမံချက် (National Implementation Plan – NIP) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

           

အဆိုပါ စီမံကိန်း၏ အပြီးသတ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စာရင်းကောက်ယူရရှိထားသည့် အချက်အလက်များကို အခြေခံ၍ ရေးဆွဲထားသော POPs ဆိုင်ရာ အမျိုးသားအဆင့် အကောင်အထည်ဖော်မှု စီမံချက်နှင့် ပတ်သက်၍ အပြီးသတ် ရှင်းလင်းဆွေးနွေးရန်နှင့် သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များကို တောင်းခံရန်ဖြစ်သည်။

           

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

           

အလုပ်ရုံဆွေးနွေးပွဲတွင် စတော့ဟုမ်းကွန်ဗင်းရှင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စီမံကိန်းသက်တမ်းကာလတစ်လျှောက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ POPs ဆိုင်ရာ စာရင်းကောက်ယူထားရှိမှု အခြေအနေ၊ အမျိုးသားအဆင့် အကောင်အထည်ဖော်မှုစီမံချက် (အပြီးသတ်မူကြမ်း) တွင် ပါဝင်သည့် အကြောင်းအရာများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ မဟာဗျူဟာများနှင့် POPs ဆိုင်ရာ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ အမျိုးသားအဆင့် အကောင်အထည်ဖော်မှုစီမံချက် (အပြီးသတ်မူကြမ်း) အပေါ် မိမိတို့ဌာနများ၏ သဘောထားမှတ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

           

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် POPs ဆိုင်ရာ အမျိုးသားအကောင် အထည်ဖော်မှုစီမံချက် ထုတ်ပြန်ပြီးပါက ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်